BREAKING
October 18, 2025

တနင်္သာရီ၊ ကမ်းတိုရွာတွင် စစ်အာဏာရှင်တပ်ဖမ်းသွားသည့် ဒေသခံ ၂၀ ဦး လေးရက်ကြာသည်အထိ ပြန်မလွတ်

October 6, 2025

တနင်္သာရီမြို့နယ် ကမ်းတိုကျေးရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည့် ဒေသခံ ၂၀ ဦးဝန်းကျင်မှာ လေးရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၃ ရက်‌နေ့ နံနက်တွင် စစ်အာဏာရှင်တပ်သားများက ကမ်းတိုရွာ‌ဟောင်းဘက်ကို စစ်ကြောင်းထိုးချိန် ကမ်းတိုရွာဟောင်းဘက်မှ ကမ်းတိုရွာဘက် စျေးဝယ်ရန် လှေဖြင့်ကူးလာသည့် ဒေသခံ ၂၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စျေးဝယ်ရန်အတွက် ဒေသခံ ၂၀ ဝန်းကျင်က လှေဖြင့် ချောင်း(တနင်္သာရီမြစ်လက်တက်) ကိုကူးလာချိန် ဖမ်းဆီးသွားခြင်းဖြစ်ပြီး အောက်တိုဘာလ ၆ ရက် နေ့လယ်အချိန်အထိ ပြန်မလွတ်သေးကြောင်း သိရသည်။

“လှေကနှစ်စီးလာတယ်။ တစ်စီးက လှေပေါက်နေတော့ ပြန်လွှတ်လိုက်တယ်။ လှေကြီးထဲကသူ(ဒေသခံ)တွေကို ကမ်းပေါ်တက်ခိုင်းပြီး လှေမောင်းသမားကို ဟိုဘက်ကမ်းကို လိုက်ပို့ခိုင်းတယ်”ဟု အထက်ပါဒေသခံက ပြောသည်။

ဒေသခံ ၃ ဦးစီးနင်းလိုက်ပါလာသည့် လှေငယ်ကိုမူ ပြန်လွှတ်လိုက်ကြောင်း ၎င်းက ဆိုသည်။

လှေကြီးပေါ်ပါလာသည့် ဒေသခံများကို ကမ်းပေါ်တက်ခိုင်းပြီး ပြည်ထောင်စုလမ်းမမှတစ်ဆင့် ကားဖြင့် စစ်အာဏာရှင်တပ်၏အမှတ် ၅၅၇ ခြေမြန်တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးဘူး။ ဖမ်းသွားတဲ့အထဲ ကလေးတွေ‌ရော ပါတယ်။ ပြန်လည်းမလွတ်သလို တွေ့ခွင့်လည်း မပေးဘူး”ဟု အထက်ပါဒေသခံက ဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့က ကမ်းတိုရွာ‌ဟောင်းကို စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။