BREAKING
December 3, 2025

စစ်ကော်မရှင်အဖွဲ့က ဖွင့်လှစ်ပေးခဲ့သည့် ထားဝယ်သပိတ်မျှောပွဲ

October 6, 2025

ဓာတ်ပုံ - Dawei Watch

ထားဝယ်သူ၊ ထားဝယ်သားများက ဦးစီးကျင်းပသည်ဆိုသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၆)နေ့ နံနက်၌ ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းတွင် အာဏာသိမ်း စစ်ကော်မရှင်အဖွဲ့က အခမ်းအနားဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်သည်။

သပိတ်မျှောပွဲ ဖွင့်ပွဲ အခမ်းအနားကို တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ကမ်းရိုးတန်းတိုင်းစစ်ဌာန တိုင်းမှူးနှင့် ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ကျင်းပသည့် သပိတ်မျှောပွဲတော် အဆက်ဆက်ကို ထားဝယ်သူ၊ ထားဝယ်သားများက ဦးစီးကျင်းပသည်ဟု ဖော်ညွှန်းကာ ခေါင်းစဥ်တပ်ထားသလို ယနေ့ပွဲတွင်လည်း ယင်းသို့ပင် တပ်ထားသည်ကိုတွေ့ရသည်။

ကိုဗစ် နှင့် စစ်အာဏာသိမ်းမှုမတိုင်မီကလည်း တနင်္သာရီတိုင်းအစိုးရအဖွဲ့က ဦးစီးပြီး သပိတ်မျှောပွဲတော် ကျင်းပပြုလုပ်လေ့ရှိသည် ။

အဖိတ်နေ့ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်း ကတည်းက ထားဝယ်မြို့အတွင်း အလှဆင်ထားသည့် သပိတ်အိုးအကြီးများကို ကားဖြင့်တင်ကာ ဖျော်ဖြေရေးယာဥ်များဖြင့် လှည့်လည်နေသည်ကို တွေ့ရကြောင်း မြို့ခံများကပြောသည်။

ယခုနှစ်သပိတ်မျှောပွဲ ကျင်းပရန် ယမန်နှစ်ကဲ့သို့ပင် တိုင်းစစ်ကော်မရှင်က ညမထွက်ရအမိန့်ကို နှစ်ရက်ဖြေလျှော့ထားပေးပြီး အောက်တိုဘာလ ၅ ရက်ညက ညလုံးပေါက် စည်ကားခဲ့ကြောင်း ပါဝင်ဆင်နွှဲခဲ့သူများထံကသိရသည်။

ယခုနှစ်တွင် သပိတ်အိုးအကြီး များလည်း မျှောခဲ့ပြီး သပိတ်အိုးအလှပြိုင်ပွဲကျင်းပကာ ဆုပေးပွဲကျင်းပခဲ့သည်။

သပိတ်မျှောပွဲ ကို ကိုဗစ်ကာလတွင် ရပ်နားခဲ့ပြီး ပွဲတော်အဖြစ်မကျင်းပဘဲ ဒေသဓလေ့အတိုင်း မိမိအစီအစဥ်ဖြင့် သပိတ်မျှောခြင်းကို ၂၀၂၁ ခုနှစ်အထိ ပြုလုပ်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်တွင် တိုင်းစစ်ကောင်စီက သပိတ်မျှောပွဲကို ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းတွင် ပွဲတော်အဖြစ်ပြန်ကျင်းပခဲ့သည်။

ယင်းသို့ပြန်ကျင်းပသည့် ၂၀၂၂ ၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင် သပိတ်မျှောပွဲ မကျင်းပမီ ကျင်းပသည့်နေရာအနီး၌ ပေါက်ကွဲမှု များဖြစ်ခဲ့ကာ ပါဝင်ဆင်နွှဲသူနည်းပါးခဲ့သည်။

ယခုနှစ်တွင်မူ သပိတ်မျှောပွဲကျင်းပမည့် ဧရိယာအနီးတွင် မကျင်းပမီ အဖိတ်နေ့ နေ့လယ်ပိုင်း၌ ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း သတင်းများထွက်ပေါ်သော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။

ထားဝယ်မြို့ ဝန်ကြီးအိမ်ရာကိုမူ တော်လှန်ရေးအင်အားစုများက အောက်တိုဘာလ ၅ ရက် ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးချခဲ့ပြီး စစ်အာဏာရှင်တပ်သားများက ဝန်ကြီးအိမ်ရာအနီး အစစ်အဆေးတင်းကျပ်ခဲ့ကြောင်း ဝန်ကြီးအိမ်ရာအနီးနေသူများကဆိုသည်။

သို့သော် သပိတ်မျှောပွဲ ကျင်းပသည့် သဲကွင်းတွင်မူ စစ်အာဏာရှင်တပ်သား ၊ ပျူစောထီး ၊ ရဲ ၊ ယာဥ်ထိန်းရဲ နှင့် မီးသတ် အများအပြားနေရာယူထားသော်လည်း အစစ်အဆေး မတင်းကျပ်ကြောင်း သပိတ်မျှောပွဲ သွားရောက်သူများကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည် သပိတ်မျှောပွဲများအနက် ယခုနှစ်သည် ပါဝင်ဆင်နွှဲသူများလာပြီး ပြန်လည်စည်ကားလာသည့် နှစ်ဖြစ်ကြောင်း မြို့ခံများကဆိုသော်လည်း ကိုဗစ်မတိုင်မီက ကဲ့သို့ စည်ကားခြင်းမရှိသေးပေ။

အရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်းစူးကာ သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်ချိန်မှာ ဆွမ်း၊ သစ်သီး၊ မုန့်ဆီကြော်၊ ကုက္ကား၊ တံခွန်တိုင် ၊ဖယောင်းတိုင် စသည်တို့ကိုထည့်ထားသည့် သပိတ်အိုးများကို ဒီရေကျချိန် မြစ်၊ ချောင်း၊ ပင်လယ်များအတွင်း ရေစီးဖြင့် မျှောချ၍ သပိတ်မျှောပွဲ ပြုလုပ်ကြခြင်းဖြစ်သည် ။

ရာသီဥတု မဖောက်ပြားစေရန် ၊ ဆန်ရေစပါးအထွက်တိုးစေရန် ၊ ဘေးဘယာကွင်းဝေစေရန် စသဖြင့် ဆုတောင်း ပူဇော်ကြခြင်းဖြစ်ပြီး ရိုးရာသပိတ်မျှောပွဲတော်သည် ဒေသအတွင်း အစည်ကားဆုံး ပွဲတော် တစ်ခု ဖြစ်ခဲ့သည် ။

ထားဝယ်မြစ်ကမ်းနံဘေးရှိ ရပ်ကွက်များနှင့် သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်က ကျေးရွာများတွင် မိမိအစီအစဥ်ဖြင့် သပိတ်မျှောကြသူများလည်း ရှိကြောင်း ယင်းဒေသခံများထံကသိရသည်။

သီတင်းကျွတ် ကာလမတိုင်မီ နှစ်ဖက်တိုက်ပွဲကြောင့် မီးစက်ချို့ယွင်းကာ လောင်းလုံးမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေကြောင်း လောင်းလုံးဒေသခံများထံမှသိရသည်။

သို့ကြောင့် ယခုနှစ် သီတင်းကျွတ် သည် ထားဝယ်မြစ် ၏ အရှေ့ဘက်ခြမ်းတွင် မီးထိန်ထိန်သာ ၍ အနောက်ဘက်ခြမ်းတွင် မီးမှောင်ခဲ့ရသည့် သီတင်းကျွတ်ကာလ ဟု ဆိုရမည်ဖြစ်သည်။