BREAKING
October 19, 2025

ဩစတြေးလျ - ပါပူဝါနယူးဂီနီ နှစ်နိုင်ငံ ကာကွယ်ရေးစာချုပ် လက်မှတ်ထိုး

October 6, 2025

ပုံစာ - ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese (ယာ) နှင့် ပါပူဝါနယူးဂီနီဝန်ကြီးချုပ် James Marape (ဝဲ) တို့အား ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် နှစ်နိုင်ငံကာကွယ်ရေးသဘောတူစာချုပ် လက်မှတ်ထိုးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - EPA

ဩစတြေးလျဝန်ကြီးချုပ်နှင့် ပါပူဝါနယူးဂီနီဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူစာချုပ်တစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။

အဆိုပါ သဘောတူစာချုပ်က နှစ်နိုင်ငံစစ်တပ်အကြား မကြုံစဖူး ပေါင်းစည်းမှုကို ဖြစ်ပေါ်စေမည်ဟု ဝန်ကြီးချုပ်နှစ်ဦးစလုံးက ပြောသည်။

ယင်းစာချုပ်မှာ ၁၉၅၁ ခုနှစ်က အမေရိကန် ၊ နယူးဇီလန်နှင့် ဩစတြေးလျအကြား ချုပ်ဆိုခဲ့သည့် ကာကွယ်ရေးစာချုပ်အပြင် ဩစတြေးလျ၏ နောက်ထပ်တစ်ခုတည်းသော ကာကွယ်ရေး မဟာမိတ်စာချုပ် ဖြစ်သည်။

ဩစတြေးလျ၏ အနီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကိုလိုနီနိုင်ငံဟောင်းလည်း ဖြစ်ခဲ့သည့် ပါပူဝါနယူးဂီနီအတွက် ယင်းစာချုပ်မှာ ပထမဆုံးသော နှစ်နိုင်ငံ ကာကွယ်ရေးသဘောတူစာချုပ် ဖြစ်သည်။

နှစ်နိုင်ငံစလုံးမှ ပါလီမန်များက အတည်ပြုပြီးနောက်တွင် အဆိုပါ စာချုပ်မှာ စတင်အသက်ဝင်လာမည် ဖြစ်သည်။

မိမိ၏ အနီးဆုံး အိမ်နီးချင်းနိုင်ငံက မိမိ၏ မဟာမိတ်အသစ် ဖြစ်လာခြင်းမှာ ဩစတြေးလျအတွက် ကြီးမားသည့် ဂုဏ်ယူစရာတစ်ခုဟု ဝန်ကြီးချုပ် Albanese က ပြောသည်။

“ဒီစာချုပ်မှာ ဩစတြေးလျရဲ့ ANZUS စာချုပ်ကတိကဝတ်တွေနဲ့ ဆင်တူတဲ့ နှစ်နိုင်ငံအပြန်အလှန် ကာကွယ်ရေးတာဝန်တစ်ရပ် ပါဝင်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့နှစ်နိုင်ငံထဲက နိုင်ငံတစ်ခုကို စစ်ရေးအရ တိုက်ခိုက်လာရင် အဲဒီတိုက်ခိုက်မှုကို ဘုံအန္တရာယ်အဖြစ် ကျွန်တော်တို့ နှစ်နိုင်ငံစလုံးက ကြေညာသွားမယ်ဆိုတာပါပဲ” ဟု Albanese က ဆိုသည်။

“ဒီစာချုပ် အကောင်အထည်ဖော်မှုကို ထိခိုက်စေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမှ မလုပ်မိစေဖို့ ၊ ဘယ်လိုသဘောတူညီချက်မျိုးကိုမှ လက်မခံဖို့ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးက သဘောတူထားပါတယ်” ဟု Albanese က ပြောသည်။

အဆိုပါ သဘောတူစာချုပ်ပါ အဓိကမူဝါဒများကို ထောက်ခံကြောင်း ပြီးခဲ့သည့်လတွင် ဩစတြေးလျနှင့် ပါပူဝါနယူးဂီနီက နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းနှင့် ပတ်သက်၍ ပါပူဝါနယူးဂီနီရှိ တရုတ်သံရုံးက အဆိုပါ နှစ်နိုင်ငံသဘောတူညီချက် အနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို မည်သည့်အကြောင်းကြောင့်မဆို အခြားတတိယနိုင်ငံတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ ကန့်သတ်တားမြစ်ခြင်း မပြုသင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Source: Associated Press