ထိုင်းနိုင်ငံတောင်ပိုင်း နရတ်သီဝပ်ခရိုင် Big C ဈေးဝယ်စင်တာရှိ ရွှေဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ထားသူများ ဝင်ရောက်လာပြီး ပစ်ခတ်ခြိမ်းခြောက်၍ ဓါးပြတိုက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီခွဲက Big C ဈေးဝယ်စင်တာတစ်ခုထဲသို့ အမည်မသိသူများက လက်နက်များနှင့်အတူ ဝင်လာပြီး ရွှေဆိုင်ကို လက်နက်ပြ ခြိမ်းခြောက်၍ ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။
ဓါးပြတိုက်သူ ၁၀ ဦးသည် အနက်ရောင် ဝတ်စုံနှင့်အတူ မျက်နှာဖုံးစွပ်များကိုလည်း ဝတ်ဆင်ထားကြောင်း CCTV မှတ်တမ်းများအရသိရသည်။
လက်နက်ကိုင်သူများက ရွှေဆိုင်ထဲ ဝင်လာပြီး ပစ်ခတ် ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများကို ယူဆောင်ကာ အသင့်စောင့်ဆိုင်းနေသော ပစ်ကပ်ကားနှစ်စီးဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သတင်းများအရသိရသည်။
၎င်းတို့ ထွက်ပြေးချိန်တွင် အနီးအနားတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း အသက် ၂၇ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း၊ ယင်းရဲတပ်ဖွဲ့ဝင်သည် ဓါးမြတိုက်ခံရသောအချိန် Big C ဈေးဝယ်စင်တာထဲ ရောက်ရှိနေကြောင်း ဖော်ပြထားသည်။



ထို့အပြင် ဓါးမြတိုက်သူများက အသက် ၃၀ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့သဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့ကြောင်း၊ CCTV မှတ်တမ်းအရ လက်နက်ကိုင်သူများက လုံခြုံရေးဝန်ထမ်းများကို အင်အားသုံးထွက်ခွာစေခဲ့ပြီး ပင်မဝင်ပေါက်မဟုတ်သော အခြားအပေါက်က ဝင်လာကာ ရွှေဆိုင်ကို ဓါးမြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓါးမြတိုက်ခံရမှုကြောင့် ရွှေဆိုင်ထဲတွင် ရွှေအလေးချိန် ၆ ကီလိုဂရမ်ခန့် ပါသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပြီး အခြားထိခိုက်ပျက်စီးမှုကိုမူ မသိရသေးပေ။
ဓါးမြတိုက်ခံရချိန်သည် ဈေးဝယ်စင်တာထဲ လူစည်ကားနေသောအချိန်ဖြစ်ပြီး ပစ်ခတ်သံ ထွက်ပေါ်လာသဖြင့် ဈေးဝယ်စင်တာထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြောင်း၊ လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က နယ်မြေတစ်ခုလုံးကို အင်အားတိုးချဲ့ချထားပြီး တရားခံများကို ဖမ်းဆီးရမိရေး အမြန်ဆုံး ဆောင်ရွက်နေကြောင်း သတင်းတွင် ဖော်ပြသည်။
ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၉၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေသလို ထိုင်းရွှေစျေးမှာလည်း တစ်ဘတ်သားလျှင် ဘတ်ခြောက်သောင်းကျော်အထိ စံချိန်တင်မြင့်တက်နေသည်။
Ref: The Nation Thailand, Khaosod







