ရက်ရှည်စစ်ရှောင်နေရသည့် ထားဝယ်အရှေ့တောဒေသနေ ဒေသခံထောင်ချီမှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေး ပြဿနာအခက်အခဲ ကြုံတွေ့နေကြကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထားဝယ်အရှေ့တောဒေသရှိ ဝကုန်းရွာ၊ ဘဝပင်ရွာ၊ ၂၃ မိုင်(ရွာ) နှင့် ၂၅ မိုင်(တောင်ထိပ်နေရာ) ဝန်းကျင်ရှိ ဒေသခံတစ်ထောင်နီးပါးမှာ သြဂုတ်လ ၁၅ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့က ဆိုသည်။
စစ်ရှောင်များက တောတောင်များအတွင်း အစုလိုက်အဖွဲ့လိုက် ပြန့်ကျဲနေထိုင်နေကြသည့်အတွက် အနီးအနားရှိ လက်လှမ်းမီသူများကိုသာ ကူညီပေးနိုင်သည့် အခြေအနေဖြစ်နေကြောင်း ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီ(တနင်္သာရီ) တာဝန်ရှိသူတစ်ဦးဖြစ်သူ Moon က ဆိုသည်။
“ရက်နှစ်ဆယ်ကျော်ကြာလာပြီဆိုတော့ နေမကောင်းတာတွေလည်းများလာပြီ” ဟု ၎င်းကပြောသည်။
ဂိမှာန်အနေဖြင့် စစ်ရှောင်ပြည်သူနှစ်ရာခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာအကူအညီပေးနေပြီး အခြားစစ်ရှောင်ကူညီပေးရေးအဖွဲ့များလည်း လက်လှမ်းမီရာ ကူညီပေးနေကြကြောင်း Moon က ပြောသည်။
အဆိုပါဒေသတွင် ဆက်သွယ်ရေးလိုင်း အခက်အခဲရှိသဖြင့် ဒေသခံစစ်ဘေးရှောင်များကို မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ်များကတည်းက ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံများပိုမိုအခက်ကြုံနေရကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကော်မတီဝင် ကိုသော်လွင်အောင်က ဆိုသည်။
“ရှိတဲ့ရိက္ခာနဲ့ မှိန်းပြီးနေနေကြတာ။ အခုက စစ်ရှောင်ရတာကြာလာတော့ ရိက္ခာက တော်တော်ကို ပြတ်လပ်နေပြီ။ သွားလာဖို့ လမ်းကြောင်းလည်းမရှိဘူး။ အခုဆို တောထဲတောင်ထဲမှာ ရှိတာရှာစားပြီး ဖြစ်သလိုနေနေရတာတွေတောင် ရှိတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်ခန့်ကစပြီး ထားဝယ်-ထီးခီး ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် အင်အား သုံးရာခန့်ပါ စစ်အာဏာရှင်တပ်ယာဥ်တန်းသည် လက်ရှိတွင် ဝကုန်းရွာအနီးဝန်းကျင်၌ပင် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေပြီး နှစ်ဖက်တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသည့်အတွက် ဝကုန်းရွာအတွင်းရှိ နေအိမ်အချို့လည်းထိခိုက်မှုရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် ထားဝယ်အရှေ့တောဒေသကို မကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး လက်ရှိတွင်မူ မေတ္တာမြို့ရှိ ဗျူဟာစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ယူဆနေကြသည်။







