BREAKING
December 3, 2025

ထိုင်းဝန်ကြီးချုပ်သစ်ကို ဆတ်ခနဲ ကြည့်ခြင်း

September 6, 2025

ပေထုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်ရာထူးကနေ ပြုတ်သွားစေမယ့် ဖုန်းပြောဆိုမှုအသံဖိုင် ပေါက်ကြားလာပြီး နာရီအနည်းငယ်ပဲ ကြာပါတယ်။ အနုထင်ချန်ဝီရကူဟာ သူ အာဏာရဖို့အတွက် ဂီယာတင်ပြီး စလှုပ်ရှားတော့တာပါပဲ။

ဖွမ်ကျန်ထိုင်းပါတီခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားဟာ ပေထုန်တန်ရဲ့ ဖွေထိုင်းပါတီ ညွန့်ပေါင်းအစိုးရထဲကနေ ချက်ချင်း နုတ်ထွက်လိုက်ပြီး ညွန့်ပေါင်းအစိုးရကို အသက်ငင်စေခဲ့တယ်။ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အဓိကအတိုက်အခံ ပြည်သူ့ပါတီကို အနုထင်ဘက်က အရင်သံလွင်ခက် ကမ်းလှမ်းလိုက်တယ်။ အဲဒီနောက် အနုထင်ဟာ သူ့အတွက် အချိန်အခါကောင်းရောက်လာတဲ့အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ပါတယ်။

ထိုင်းအခြေခံဥပဒေခုံရုံးက ပေထုန်တန်ကို ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားလိုက်ပြီးနောက် ၊ ထိုင်းနိုင်ငံရေးရာသီဥတု မငြိမ်မသက်ဖြစ်ခဲ့ရပြီးနောက် တစ်ပတ်အကြာ…။ မနေ့က သောကြာနေ့မှာပဲ အနုထင်ချန်ဝီရကူကို ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်အထဲမှာ မဲအပြတ်အသတ်နဲ့ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ ထိုင်းဘုရင့်နိုင်ငံတော်မှာ နှစ်နှစ်အတွင်း ဝန်ကြီးချုပ် ၃ ပါး ပေါ်ထွန်းလာတာပါပဲ။

၈၀ ခုနှစ်များဆီက ထိုင်းပေါ့သီချင်းတွေကို ဆက်ဆိုဖုန်းတူရိယာနဲ့ ကိုယ်တိုင်တီးမှုတ်လေ့ရှိသူ ၊ သီချင်းအေးအေးလေးတွေကို ငြိမ့်ငြိမ့်ဆွေးဆွေးနဲ့ ကာရာအိုကေ ဆိုတတ်သူ ၊ ဘောင်းဘီတိုနဲ့ တီရှပ်ဝတ်ပြီး ထမင်းကြော်ကြော်နေတတ်သူအဖြစ် လူမှုကွန်ရက်ပေါ်မှာ တွေ့ရတတ်သူ တစ်ယောက်ဟာ ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ။ ဘုရင်စနစ်ကို ‘ခိုင်ခိုင်မာမာ ပြောင်ပြောင်တင်းတင်း’ ထောက်ခံတဲ့ အသက် ၅၈ နှစ်အရွယ် ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်တစ်ယောက်ကို ထိုင်းပြည်သူတွေ ရလိုက်ပါပြီ။

တကယ်တော့ ဒီကနေ့ မြင်နေရတဲ့ ထိုင်းနိုင်ငံရေးကို ဘုရင်စနစ် လိုလားတဲ့ ကွန်ဆာဗေးတစ်အီလစ်တွေနဲ့ သက်ဆင် ကျောထောက်နောက်ခံပြု ပေါ်ပြူလစ်သမားတွေအကြားက မပြီးနိုင်မစီးနိုင်တဲ့ အားပြိုင်မှုကပဲ ပုံဖော်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း စစ်အာဏာသိမ်းမှု သို့မဟုတ် တရားရုံးဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ် ၆ ယောက်အထိ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဟာ ဒီအားပြိုင်မှုကြောင့်လို့ ဆိုနိုင်ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက ထိုင်းနိုင်ငံရေးကို လွှမ်းမိုးလာခဲ့တဲ့ ရှင်နာဝပ်မိသားစုအတွက်တော့ ဖွမ်ကျန်ထိုင်းပါတီခေါင်းဆောင် အနုထင်ချန်ဝီရကူ ဝန်ကြီးချုပ်ဖြစ်လာတာဟာ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။

အနုထင်ရဲ့ ၂၉ နှစ်တာ နိုင်ငံရေးခရီးမှာ ဒုတိယဝန်ကြီးချုပ် ၊ ပြည်ထဲ‌ရေးဝန်ကြီး ၊ ကျန်းမာရေးဝန်ကြီး စတဲ့ အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ အနုထင်ရဲ့ ပုံရိပ်ကြီးထွားလာခဲ့တာဟာ မကြာသေးပါဘူး။ အနုထင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးဝန်ကြီးအဖြစ်နဲ့ စီမံကိုင်တွယ်ပုံကောင်းတာကြောင့် လူသိများထင်ရှားလာခဲ့ပါတယ်။ သူ့ကို လူအများဆုံးသိစေတဲ့ ဖြစ်ရပ်ကတော့ ၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံအတွင်း ဆေးခြောက်ကို တရားဝင်ဖြစ်လာအောင် လုပ်ဆောင်ခဲ့တာပါပဲ။ အဲဒီအငြင်းပွားစရာ ဆုံးဖြတ်ချက်ကြောင့်ပဲ ‘ထိုင်း ဖြစ်ရတာ ဂုဏ်ယူသည်’ လို့ အဓိပ္ပါယ်ရတဲ့ ဖွမ်ကျန်ထိုင်းပါတီကို ‘ဆေးခြောက်ပါတီ’ လို့ လူသိများပါတယ်။

ထိုင်းအစိုးရဝန်ကြီးဟောင်းတစ်ဦးရဲ့ သားဖြစ်သူ အနုထင်ဟာ ငယ်စဉ်က ဘန်ကောက်မြို့က ယောကျ်ားလေးသီးသန့် ပုဂ္ဂလိကကျောင်းတစ်ခုမှာ ပညာသင်ခဲ့ပါတယ်။ နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားခဲ့ပါတယ်။ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို တည်ဆောက်ခဲ့တဲ့ ၊ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Sino-Thai Engineering & Construction ကုမ္ပဏီဟာ အနုထင်ရဲ့ မိသားစုက ပိုင်တာပါ။

၂၀၀၈ ကမှ ပေါ်လာခဲ့တဲ့ ဖွမ်ကျန်ထိုင်းပါတီဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ကျေးလက်တောင်သူတွေအကြားမှာ ထောက်ခံမှုအခိုင်အမာရထားပါတယ်။

ကျေးလက်ပြည်သူတွေရဲ့ ထောက်ခံမှုကိုရော ၊ ဘုရင်စနစ်လိုလားတဲ့ ကွန်ဆာဗေးတစ်အီလစ်တွေရဲ့ ထောက်ခံမှုကိုပါ ရှားရှားပါးရှား ရရှိထားသူဟာ အနုထင်ရဲ့ ဖွမ်ကျန်ထိုင်းပါတီပဲ ဖြစ်တယ်လို့ စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak Institute ရဲ့ ဧည့်သုတေသီတစ်ဦးဖြစ်သူ မစ္စတာနဖွန်ဂျာတူဆရီပီတပ်ခ်က ဆိုပါတယ်။

“သူက လက်တွေ့ကျတဲ့ နိုင်ငံရေးသမား တစ်ယောက်ဖြစ်တယ်။ ပြီးတော့ သက်ဆင်နဲ့လည်း တော်တော်တူတယ်” လို့ မစ္စတာနဖွန်က ပြောပါတယ်။

၂၀၁၉ နဲ့ ၂၀၂၃ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ အနုထင်ကို ဝန်ကြီးချုပ်ဖြစ်နိုင်သူအဖြစ် လေ့လာသူတွေက ထင်ကြေးပေးခဲ့ပါတယ်။ အနုထင်ဟာ မတူကွဲပြားတဲ့ ပါတီတွေဆီက ထောက်ခံမှုကို ဆွဲဆောင်ရယူနိုင်စွမ်းရှိတာကြောင့် ညွန့်ပေါင်းအစိုးရတစ်ခုကို ဦးဆောင်နိုင်လိမ့်မယ်လို့ လေ့လာသူတွေက ခန့်မှန်းခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ ခန့်မှန်းသလို မဖြစ်ခဲ့ပါဘူး။ ၂၀၂၃ ရွေးကောက်ပွဲမှာ ဖွမ်ကျန်ထိုင်းပါတီဟာ အောက်လွှတ်တော်ရဲ့ နေရာ ၅၀၀ ထဲကနေ ၇၀ ကိုပဲ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာနဖွန်ကတော့ အခုလို ပြောပါတယ်။

“အစိုးရအဖွဲ့ထဲမှာ ဖွန်ကျန်ထိုင်းပါတီ ရှိနေတာဟာ နှစ်တော်တော်များများ ကြာပြီ။ အစိုးရအဖွဲ့တိုင်းလိုလိုမှာ ဖွန်ကျန်ထိုင်းပါတီက ပါနေခဲ့တယ်။ ပြီးတော့ ဖွန်ကျန်ထိုင်းပါတီက မက်လောက်စရာ ဝန်ကြီးဌာနနေရာတွေကို ရလေ့ရှိတယ်”

ဘုရင်စနစ်ကို အမာခံထောက်ခံတာကလွဲလို့ ဖွမ်ကျန်ထိုင်းပါတီမှာ ပြစရာ အိုင်ဒီယော်လော်ဂျီ ခိုင်ခိုင်မာမာ မရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အနုထင်ဟာ ဘုရင်စနစ်ကို ပြောင်ပြောင်တင်းတင်း ထောက်ခံသူဖြစ်ပြီး ဘုရင်စနစ်ရဲ့ အထွတ်အမြတ်နေရာကို ကာကွယ်ထိန်းသိမ်းဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်တယ်လို့ မစ္စတာနဖွန်က ပြောပါတယ်။

၂၀၂၃ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီကို အစိုးရဖွဲ့လို့ မရအောင် ဖွန်ကျန်ထိုင်းအမတ်တွေကလည်း ပါဝင်ဟန့်တားခဲ့ပါတယ်။ ဘုရင်ကို ဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို Move Forward ပါတီကို ပြင်ဆင်ချင်တာကြောင့် အဲဒီလို လုပ်ခဲ့ရကြောင်း ဖွန်ကျန်ထိုင်းအမတ်တွေက ဆိုပါတယ်။ အဲဒီအချိန်တုန်းက လွှတ်တော်ထဲမှာ ဖွန်ကျန်ထိုင်းအမတ်တစ်ယောက်က စိတ်လိုက်မာန်ပါ မိန့်ခွန်းပြောရင်း အခုလို မိန့်ခွန်းထုတ်ခဲ့သေးတယ်။

“ဘုရင်စနစ်ကို စော်ကားတဲ့ လူတွေကို ပစ်သတ်ခွင့်ပြုတဲ့ ဥပဒေတစ်ခု ကျွန်တော် တင်သွင်းရင်ရော?”

လက်ရှိအချိန်မှာတော့ ဝန်ကြီးချုပ်သစ် အနုထင်ဟာ သူ့ရဲ့ ပါတီကို ဘုရင်စနစ်လိုလားတဲ့ ကွန်ဆာဗေးတစ်ဝါဒီတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်သူနေရာမှာ ထားလိုက်ပါပြီလို့ မစ္စတာနဖွန်က ဆိုပါတယ်။

အစိုးရမဖွဲ့နိုင်အောင် သူကိုယ်တိုင်ဟန့်တားခဲ့တဲ့ Move Forward ပါတီရဲ့ ထောက်ခံမှုကြောင့် အနုထင်ဟာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ။

Move Forward ပါတီ ဖျက်သိမ်းခံလိုက်ရပြီးနောက် သူ့ကို ဆက်ခံပြီး ပေါ်လာတဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီဘက်ဟာ တောင်းဆိုချက် ၅ ချက်နဲ့အတူ အနုထင်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးခဲ့တာပါ။

အနုထင်နဲ့ ပြည်သူ့ပါတီအကြား သဘောတူညီချက်ထဲမှာ လာမယ့်လေးလအတွင်း လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ကျင်းပပေးဖို့ ပါဝင်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပြည်သူ့ပါတီကတော့ အစိုးရအဖွဲ့ထဲမှာ မပါဝင်ဘဲ အတိုက်အခံပါတီအနေနဲ့ ဆက်ရှိနေမှာ ဖြစ်သလို ဖွေထိုင်းပါတီကလည်း အတိုက်အခံပါတီ ဖြစ်လာမှာ ဖြစ်ပါတယ်။

မဟာမိတ်တွေ ထူထောင်ခဲ့ဖူးသလို ၊ မဟာမိတ်တွေနဲ့ လမ်းခွဲဖူးတဲ့ နိုင်ငံရေးသမိုင်းရှိတဲ့ အနုတင်ဟာ သူ့ရဲ့ ကတိကဝတ်တွေကို လိုက်နာပါ့မလားဆိုတာကို မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။

ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီးနောက် အခုအပတ် ဗုဒ္ဓဟူးနေ့မှာ အနုထင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အကျပ်အတည်းကာလအတွင်း အဖြေတစ်ခု ရဖို့အတွက် ပြည်သူ့ပါတီက ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့သလို ၊ စွန့်လွှတ်ပေးဆပ်မှုတွေ လုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်”

ထိုင်းစီးပွားရေး ကျဆင်းနေမှု ၊ အိမ်နီးချင်းကမ္ဘောဒီးယားနဲ့ တင်းမာမှုပြဿနာ ၊ နောက်ထပ်ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအကြား ကြီးမားတဲ့ စိန်ခေါ်မှုတွေက ဝန်ကြီးချုပ်သစ်အနုထင်ကို စမ်းသပ်မှာပါ။

ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးနောက် လွှတ်တော်ထဲကနေ ထွက်လာချိန်မှာ အနုထင်က သတင်းထောက်တွေကို အခုလို ပြောခဲ့ပါတယ်။

“နေ့တိုင်း နားရက်မရှိဘဲ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားပါမယ်။ အချိန်အများကြီး မရှိလို့ပါပဲ”

Ref: Reuters ၊ The Guardian ၊ The Nation Thailand

ဈာန်ဟိန်း