ထားဝယ်ဈေးကွက်၏ လက်လီ /လက်ကားဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးနှစ်ဆ မြင့်တက်ပြီး ကုန်ပွဲရုံအချို့တွင် ပစ္စည်းပြတ်နေပြီဖြစ်ကြောင်း ထားဝယ်မြို့၏ စားသုံးကုန်စည် ဈေးကွက်မှသိရသည်။
ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဩဂုတ်လ ၂၆ ရက်နေ့ကစပြီး ကုန်စီးဆင်းမှု ပြတ်တောက်ကာ ထားဝယ်ဈေးကွက်အတွင်း စားသုံးကုန်စ္စည်းအချို့ ပြတ်လတ်သွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ ကျော်သာရှိရာမှ ယနေ့တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူတစ်ပိဿာ ၉၀၀၀ ကျပ်မှ ယနေ့ ၁၈၀၀၀ ကျပ် ဖြစ်သွားကြောင်း၊ တစ်ပတ်အတွင်း ဈေးနှစ်ဆမြင့်တက်ပြီး ပွဲရုံအချို့၌ပစ္စည်းပြတ် နေပြီဖြစ်ကြောင်း ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီး၌ စားသုံးကုန် လက်လီရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။
” ကြက်သွန်နီ တစ်ပိဿာ အခုလက်ကားဈေး ၄၀၀၀၊လက်လီ ဈေးမှာ ၆၀၀၀ ပစ္စည်းမရှိဘူး အာလူးလည်း ဝယ်ဖို့မရှိတော့ဘူး “ဟု ယင်းအမျိုးသမီးကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လကုန်ပတ်က ထားဝယ်မြို့၏ လက်လီ ဈေးကွက်တွက် အားလူးတစ်ပိဿာ ၇၅၀၀ကျပ်မှာ ယနေ့ ၁၂၀၀၀ကျပ် သို့ ဈေးမြင့်တက်သွားကြောင်း ၎င်းအမျိုးသမီးကပြောသည်။
ယနေ့ ထားဝယ်မြို့ပေါ်ရှိပွဲရုံအချို့တွင် အာလူးအပါအဝင် စားသုံးကုန်ပစ္စည်းအချို့ ပြတ်နေပြီဖြစ်ကြောင်း ထားဝယ်မြို့ရှိ ကုန်ပွဲရုံပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။
” ရောင်းဖို့ပစ္စည်း ဘာမှမရှိတောလို့ ဈေးလည်း ပြောလို့မရ သေးဘူး”ဟု ယင်းအမျိုးသမီးကပြောသည်။
ယနေ့ လောင်းလုံးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်အချို့ကို Dawei Watch မှ ဆက်သွယ် မေးမြန်းကြည့်ရာတွင်လည်း ကြက်သွန်နီနှင့်အာလူးမှာ ကုန်စုံဆိုင်အချို့တွင် လက်ကျန်ပစ္စည်း နည်းနေပြီး အချို့ကုန်စုံဆိုင်များတွင် လုံးဝရောင်းဖို့မရှိတော့ကြောင်း စုံစမ်းသိရသည်။
ရန်ကုန်-ထားဝယ် လမ်းပိုင်းဖြစ်သည့် မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းတွင် တိုက်ပွဲများကြောင့် ကုန်စီးဆင်းမှု ပြတ်တောက်နေသည်မှာ ယနေ့ဆိုလျှင် ဆယ်ရက်ကျော်ကြာလာပြီဖြစ်သည်။
တော်လှန်ရေးအဖွဲ့များက ယင်းလမ်းပိုင်းကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးနေပြီး ကနဦးအနေဖြင့် ၃ ရက်ဖွင့်ထားပေးမည်ဟုဆိုသည်။ ယင်းကြောင့် ကုန်စည်အချို့ ပြန်လည်ဝင်ရောက်လာဖွယ်ရှိနေပြီး စျေးအနည်းငယ် ပြန်ကျဖွယ်ရှိနေသည်။







