BREAKING
October 31, 2025

ကလိန်အောင် - မလွှဲတောင်လမ်းပိုင်းပြန်ဖွင့်၊ ကနဦး သုံးရက်ပြန်ဖွင့်ပေးမည်ဟုဆို

September 6, 2025

တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် ကားအစီးရာချီ ရည်ရှည်ပိတ်မိနေသည့် ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းကို သုံးရက်ပြန်ဖွင့်မည်ဟု ယနေ့ (စက်တင်ဘာလ ၆ ရက်) နေ့လယ် ၁၂ နာရီတွင် တော်လှန်ရေးတပ်များက ကြေညာခဲ့သည် ။

လမ်းဖွင့်ပေးပြီးနောက် မလွှဲတောင်ဘက်မှ အဆင်းကားများ မလွှတ်ပေးသေးဘဲ ကလိန်အောင်ဘက်တွင် ပိတ်မိနေသည့် ကားများကို စလွှတ်ပေးခဲ့သဖြင့် ကလိန်အောင်ဘက်ခြမ်းတွင် ပိတ်မိနေသည့် ကားအချို့ လွတ်သွားကြောင်း ကိုယ်တိုင်လွတ်လာခဲ့သည့် ယာဥ်မောင်း တစ်ဦးကပြောသည်။

ယင်းသို့ လွှတ်ပေးစဥ် စစ်အာဏာရှင်တပ်သားများက အရပ်သားကားများအား အကာအကွယ်ယူ၍ ရာဖူးရွာဖက်အထိ အရှေ့သို့ တက်လာသဖြင့် လမ်းပိုင်းအား ဖြတ်သန်းခွင့် ယာယီ ပြန်ပိတ်လိုက်ကြောင်း မွန်၊ကရင်၊ထားဝယ် မဟာမိတ်အင်အားစု တွင်ပါဝင်သည့် ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို ကပြောသည်။

ယင်းနောက် နေ့လယ် နှစ်နာရီခွဲခန့်တွင် ပိတ်မိနေသည့် ကားများကို ပြန်လွတ်ပေးနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

” အခု သုံးရက် လွတ်ပေးမယ်၊ အခြေအနေကြည့်မယ်။ ရန်သူက အရှေ့ထပ်မတက်လာဘူး၊ ထိတွေ့မှုမရှိဘူးဆိုရင်တော့ ဆက်ဖွင့်ထားမယ်” ဟု ၎င်းကပြောဆိုသည်။

ပြီးခဲ့သည် သြဂုတ်လ တစ်လလုံး ယင်းလမ်းပိုင်း တွင် နှစ်ဖက်စစ်ရေတင်းမာကာ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ခဲ့ပြီး သြဂုတ်လ ၂၆ ရက်ကတည်းက ကားလမ်းပိတ်မိနေခြင်းဖြစ်သည်။

ယင်းသို့ကားလမ်းပိတ်နေသဖြင့် ရန်ကုန်ဘက်မှလာသော ကုန်ပစ္စည်းနှင့်ကုန်စိမ်းများ ပစ္စည်းပြတ်သွားပြီး ထားဝယ်နှင့်မြိတ်တွင် အဆမတန်စျေးမြင့်တက်နေသည်။