BREAKING
October 18, 2025

လူမျိုးစုံဖက်ဒရယ်စနစ် အလုပ်ဖြစ်မဖြစ်

September 6, 2025

နိုင်ငံရေးအာဏာရရှိရေးနဲ့ စီးပွားရေးအရင်းအမြစ်တွေကို ထိန်းချုပ်နိုင်ရေးအတွက် အချင်းချင်းပြိုင်ဆိုင်နေကြတဲ့ ၊ မတူကွဲပြားတဲ့ လူမျိုးစုတွေရှိတဲ့ နိုင်ငံတွေမှာ ရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတစ်ခုက အဲဒီလူမျိုးစုတွေကို ဘယ်လိုပေါင်းစည်းရမလဲဆိုတဲ့ ပြဿနာပါပဲ။

ဖက်ဒရယ်စနစ်ဟာ နိုင်ငံအတွင်းက လူမျိုးရေးပဋိပက္ခတွေကို စီမံဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ မကြာခဏ ညွှန်းဆိုခံရလေ့ရှိပါတယ်။

နိုင်ငံတစ်ခုရဲ့ လူမျိုးစုစုံလင်ကွဲပြားမှုကို စီမံကိုင်တွယ်ရာမှာ ဖက်ဒရယ်စနစ်က အထောက်အကူပြုနိုင်ပါရဲ့လား။

ဒီမေးခွန်းအတွက် တစ်ခုတည်းသော ပရမတ်အဖြေ မရှိပါ။

ဒီမေးခွန်းမျိုးကို အိန္ဒိယ ၊ ကနေဒါ ၊ ဆွစ်ဇာလန်လို နိုင်ငံတွေဆီက နိုင်ငံသားအများစုကို သွားမေးရင်တော့ “Yes” ဆိုတဲ့ အဖြေမျိုး ရဖို့များပါတယ်။

အာဖရိက၊ အရှေ့ဥရောပနဲ့ အာရှရဲ့ အခြားနိုင်ငံတွေမှာတော့ ‘ဖက်ဒရယ်စနစ်’ဆိုတဲ့ စကားလုံးကိုယ်တိုင်က ခါးသီးစရာ ဖြစ်နေနိုင်ပါတယ်။ မတူကွဲပြားတဲ့ လူမျိုးစုတွေကို ဖက်ဒရယ်အင်စတီကျူးရှင်းတွေနဲ့ ပေါင်းစည်းရမယ်ဆိုတဲ့ အယူအဆကို သူတို့ ဆန့်ကျင်ဖို့ များပါတယ်။

ဝိရောဓိ ဖက်ဒရယ်

ကမ္ဘာ့ပထမဆုံးနဲ့ သက်တမ်းအရင့်ဆုံး ဖက်ဒရယ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ဖက်ဒရယ်စနစ်ကို ပြည်သူတွေ နှစ်သက်ကြပါတယ်။ ဒါပေမဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့အတွက် ဖက်ဒရယ်စနစ်ကို အသုံးချရမယ်ဆိုတာကိုတော့ အမေရိကန်ပြည်သူတွေက မနှစ်သက်ဘူးလို့ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက ဆိုပါတယ်။

ဒီလိုမျိုးမဖြစ်ရအောင် ရှောင်ရှားဖို့ အမေရိကန်ပြည်နယ်တွေရဲ့ နယ်နိမိတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပိုင်းခြားသတ်မှတ်ရေးဆွဲခဲ့တာလို့ သူက ပြောပါတယ်။

လူမျိုးစုံဖက်ဒရယ်စနစ်ကို မထောက်ခံသူတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာဟာ လူမျိုးစုံဖက်ဒရယ်စနစ်က အလုပ်မဖြစ်ဘူးဆိုတဲ့ ယူဆချက်နဲ့ ဆက်စပ်နေပါတယ်။ နိုင်ငံအတွင်းက မတူကွဲပြားတဲ့ လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ရင် နိုင်ငံပြိုကွဲမှု ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆကြတာတွေနဲ့ ဆက်စပ်နေပါတယ်။

လူမျိုးစုံဖက်ဒရယ်စနစ်ကို ဆန့်ကျင်ဝေဖန်သူတွေ ထောက်ပြလေ့ရှိတာကတော့ ကွန်မြူနစ်ခေတ်လွန် အရှေ့ဥရောပနိုင်ငံတွေရဲ့ အတွေ့အကြုံပါပဲ။

၁၉၈၉ ခုနှစ်နောက်ပိုင်းမှာ ကွန်မြူနစ်ဝါဒထီးရိပ်အောက်က အရှေ့ဥရောပနိုင်ငံတွေထဲမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားနဲ့ ချက်ကိုစလိုဗက်ကီးယားဆိုတဲ့ လူမျိုးစုံဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ သုံးနိုင်ငံစလုံး ပြိုကွဲခဲ့ပါတယ်။ ဒါပေမဲ့ကွန်မြူနစ်အရှေ့ဥရောပမှာ တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေကတော့ မပြိုကွဲခဲ့ပါဘူး။

ကိုလိုနီလက်အောက်ကနေ လွတ်မြောက်လာခဲ့တဲ့ လူမျိုးစုံဖက်ဒရယ်နိုင်ငံတွေမှာလည်း အလားတူ ဆိုးရွားတဲ့ အတွေ့အကြုံမျိုး ရှိခဲ့ပါတယ်။ကာရစ်ဘီယန်ဒေသ ၊ အရှေ့အာဖရိက ၊ တောင်အာဖရိကနဲ့ အာရှတိုက်က ကိုလိုနီလက်အောက်က လွတ်မြောက်လာတဲ့ ဖက်ဒရယ်နိုင်ငံတွေ ပြိုကွဲခဲ့ကြပါတယ်။

ဒီအတွေ့အကြုံတွေကို ပြန်ကြည့်လိုက်ရင် လူမျိုးရေးအရ စုံလင်ကွဲပြားတဲ့ နိုင်ငံတွေအတွက် လူမျိုးစုံဖက်ဒရယ်စနစ်က ကုထုံးတစ်ခု ဖြစ်တယ်လို့ ပြောဖို့ ခက်လာပါတယ်။ မအောင်မြင်ခဲ့တဲ့ ဖက်ဒရယ်နိုင်ငံတွေရဲ့ အတွေ့အကြုံတွေအရ လူမျိုးစုစုံလင်ကွဲပြားတဲ့ နိုင်ငံတွေဟာ ဖက်ဒရယ်စနစ်ဟာ ခွဲထွက်ရေး အစပြုစေနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။

ဒီအချက်တွေကြောင့် လူမျိုးစုံဖက်ဒရယ်စနစ်ဟာ ဘယ်အခြေအနေမျိုးမှာမှ အလုပ်မဖြစ်ဘူးလား မေးရင်တော့ အဖြေက ရှင်းရှင်းလေးပါပဲ။

“No” ပါ။

လူမျိုးစုံဖက်ဒရယ်စနစ်ကို ဝေဖန်သူတွေဟာ မအောင်မြင်ခဲ့တဲ့ ဖက်ဒရယ်နိုင်ငံအချို့ရဲ့ ဥပမာတွေကိုပဲ ထောက်ပြကြပါတယ်။ ဒါပေမဲ့အောင်မြင်အလုပ်ဖြစ်နေတဲ့ လူမျိုးစုံဖက်ဒရယ်နိုင်ငံတွေရဲ့ ဥပမာကောင်းတွေလည်း ရှိနေပါသေးတယ်။ ကမ္ဘာ့အသက်အကြီးဆုံး ဖက်ဒရယ်နိုင်ငံတွေထဲမှာပါတဲ့ ကနေဒါနဲ့ ဆွစ်ဇာလန်ဟာ သူတို့ဆီက လူမျိုးရေးအရ ၊ ဘာသာစကားအရ မတူကွဲပြားတဲ့ အုပ်စုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထိထိရောက်ရောက် အပ်နှင်းထားပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံဟာ လူမျိုးစုံဖက်ဒရယ်နိုင်ငံအဖြစ်နဲ့ ပြန်လည်စုဖွဲ့လာခဲ့တာ မကြာသေးပါဘူး။ စပိန်နိုင်ငံမှာလည်း လူမျိုးစုံဖက်ဒရယ်စနစ်ရဲ့ အသွင်လက္ခဏာတွေ ရှိနေပါတယ်။ ကိုလိုနီခေတ်လွန်ကမ္ဘာကြီးရဲ့ အအောင်မြင်ဆုံးနဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ လူမျိုးစုံဖက်ဒရယ်နိုင်ငံတစ်ခုပါပဲ။

လူမျိုးစုံဖက်ဒရယ်စနစ်ကို ဝေဖန်သူတွေ ထောက်ပြဖို့ ပျက်ကွက်တဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ဖက်ဒရယ်နိုင်ငံအဖြစ် ကျဆုံးပြိုကွဲခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု ၊ ချက်ကိုစလိုဗက်ကီးယား ၊ ယူဂိုဆလားဗီးယား စတဲ့ နိုင်ငံတွေဟာ တကယ်တမ်းလက်တွေ့မှာ ဖက်ဒရယ်နိုင်ငံစစ်စစ်မဟုတ်ဘဲ အတင်းစုစည်းသွတ်သွင်းထားတဲ့ အတုအယောင် ဖက်ဒရယ်နိုင်ငံတွေသာ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။

ဒီနိုင်ငံတွေဟာ တကယ်တမ်းလက်တွေ့မှာ ဗဟိုချုပ်ကိုင်မှုတင်းကျပ်လွန်းတဲ့အပြင် ဒီမိုကရေစီအုပ်ချုပ်မှုမရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီမရှိဘူးဆိုတဲ့အချက်နဲ့တင် ဒီနိုင်ငံတွေရဲ့ အစိုးရတွေဟာ သူတို့ရဲ့ပြည်သူလူထုကို ကိုယ်စားပြုခြင်းမရှိဆိုတာ ထင်ရှားပါတယ်။

ဒီမိုကရေစီမရှိဘူးဆိုတဲ့အချက်က မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား ဆွေးနွေးညှိနှိုင်းမှု ဒိုင်ယာလော့နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုတဲ့ အချက်ကိုလည်း ပေါ်လွင်စေပါတယ်။ ဒါကြောင့်ပဲ ဒီနိုင်ငံတွေမှာ လူနည်းစုလူမျိုးစုတွေက အခွင့်အလမ်းပေါ်တာနဲ့ နိုင်ငံကနေ ခွဲထွက်ဖို့ ကြိုးစားခဲ့ကြတာဟာ အံ့အားသင့်စရာ ဖြစ်မနေပါဘူး။

လူများစုအုပ်စုတစ်ခု ရှိခြင်း

ပြိုကွဲကျဆုံးသွားခဲ့တဲ့ ဖက်ဒရယ်နိုင်ငံတွေထဲမှာ လူဦးရေအရ လူများစုဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူမျိုးစုတစ်ခု မရှိဘူးလို့ နိုင်ငံရေးသိပ္ပံပညာရှင် John McGarry က ဆိုပါတယ်။ အဲဒီနိုင်ငံတွေမှာ အကျပ်အတည်းကာလအတွင်း မိမိတို့ ဖက်ဒရယ်နိုင်ငံကို စုစည်းထားနိုင်စွမ်းရှိတဲ့ ၊ လွှမ်းမိုးနိုင်တဲ့ လူမျိုးစုတစ်ခု မရှိဘူးလို့ သူက ဆိုလိုတာပါ။

သူ့အဆိုအရ လက်ရှိ ရုရှားဖက်ဒရေးရှင်းဟာ ယခင်ဆိုဗီယက်ပြည်ထောင်စုထက် ပိုတည်ငြိမ်မှုရှိပြီး ခွဲထွက်မှုပြဿနာနဲ့ ကြုံရနိုင်ခြေနည်းတယ်လို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ အကြောင်းရင်းကတော့ လက်ရှိရုရှားဖက်ဒရေးရှင်းထဲမှာ ရုရှားလူမျိုးတွေက ၈၁.၅ ရာခိုင်နှုန်းနဲ့ လူများစုအဖြစ် ရှိနေတာပါပဲ။ ယခင်ဆိုဗီယက်ပြည်ထောင်စုထဲမှာတော့ ရုရှားလူဦးရေက ၅၁ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

လွှမ်းမိုးနိုင်တဲ့ လူများစုလူမျိုးစုတစ်ခုရှိတဲ့ ဖက်ဒရယ်နိုင်ငံတွေမှာ အားသာချက်တစ်ခုကတော့ အဲဒီလူများစုလူမျိုးစုတစ်ခုမှာ ခွဲထွက်ရေးအင်အားစုတွေကို ခုခံနိုင်တဲ့ အင်အားရှိတာပဲလို့ John McGarry က ဆိုပါတယ်။ အဲဒီ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူများစုလူမျိုးစုတစ်ခုဟာ အခြားလူမျိုးစုတွေအပေါ် လိုက်လျောမှုတွေ လုပ်ဆောင်ဖို့အတွက်လည်း သူတို့ကိုယ်သူတို့ စိတ်လုံခြုံမှုရှိတယ်လို့ သူက ပြောပါတယ်။

ဖက်ဒရယ်နိုင်ငံတစ်ခုမှာ ဒီလိုမျိုး လွှမ်းမိုးနိုင်တဲ့ လူများစုလူမျိုးစုတစ်ခုရှိနေရင် လူနည်းစုအုပ်စုတွေကို အကောင်းဆုံးနည်းနဲ့ ဘယ်လိုအကာအကွယ်ပေးနိုင်မှာပါလဲ။

ဒီအတွက် ချဉ်းကပ်ပုံတစ်ခုကတော့ အဲဒီဖက်ဒရယ်နိုင်ငံမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။ နောက်ထပ်ချဉ်းကပ်မှုတစ်ခုကတော့ လူများစုလူမျိုးစုတွေကို ဖက်ဒရယ်ယူနစ်အများအပြားမှာ ဖြန့်ခွဲနေရာချရမယ်လို့ John McGarry က ဆိုပါတယ်။

ဒီအနေအထားမှာဆိုရင် လူများစုလူမျိုးစုတွေနေထိုင်တဲ့ ဖက်ဒရယ်ယူနစ်တွေနဲ့ လူနည်းစုလူမျိုးစုတွေ နေထိုင်တဲ့ ဖက်ဒရယ်ယူနစ်တွေအကြား အချို့သော ကိစ္စရပ်တွေအပေါ်မှာ အကျိုးစီးပွား တူညီမှုတွေ ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါက တစ်ပြည်ထောင်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေနဲ့ ဖက်ဒရယ်ယူနစ်နှစ်ခုတည်းသာ ရှိတဲ့ နိုင်ငံတွေမှာ ရံဖန်ရံခါ ဖြစ်လေ့ရှိတဲ့ လူများစုလူမျိုးစုနဲ့ လူနည်းစုလူမျိုးစုအကြား သူနိုင်-ကိုယ်ရှုံး နိုင်ငံရေး (zero-sum politics) လိုအရာမျိုးကို တားဆီးနိုင်ဖို့လည်း အထောက်အကူပြုပါလိမ့်မယ်။

ဥပမာအနေနဲ့ဆိုရင် ကနေဒါနိုင်ငံမှာ ပြင်သစ်စကားပြော ကက်ဘက်ပြည်နယ်က အခြားသော အင်္ဂလိပ်စကားပြောပြည်နယ်တွေနဲ့ မဟာမိတ်ဆန်ဆန် ပူးပေါင်းဆောင်ရွက်တာမျိုးကို ကြည့်လို့ ရပါတယ်။ ဒါဟာ ကနေဒါဖက်ဒရယ်စနစ် တည်ငြိမ်မှုရဲ့ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

အာဏာမျှဝေရေး

ဖက်ဒရယ်စနစ်တစ်ခု အောင်မြင်ရေးအတွက် အရေးပါတဲ့ လိုအပ်ချက်တစ်ခုကတော့ ဖက်ဒရယ်အစိုးရအဖွဲ့ထဲမှာ အုပ်စုအားလုံး ကိုယ်စားပြုမှုရရေးပဲ ဖြစ်ပါတယ်။

ဖက်ဒရယ်( ဗဟို) အစိုးရအဖွဲ့ထဲမှာ အုပ်စုအားလုံး ကိုယ်စားပြုခံရတဲ့အခါ အဲဒီဖက်ဒရယ်နိုင်ငံဟာ တည်တံ့ခိုင်မြဲဖို့ ဖြစ်နိုင်ခြေပိုများတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဖက်ဒရယ်(ဗဟို)အစိုးရအဆင့်မှာ အာဏာမျှဝေကျင့်သုံးတဲ့ အလေ့အထတွေဟာ အင်မတန် အရေးကြီးတယ်ဆိုတာကို အောင်မြင်တဲ့ ဖက်ဒရယ်နိုင်ငံတွေအားလုံးရဲ့ အတွေ့အကြုံတွေက သက်သေခံနေပါတယ်။ ပြိုကွဲခဲ့တဲ့ ဖက်ဒရယ်နိုင်ငံတွေမှာ အာဏာမျှဝေကျင့်သုံးမှု မရှိဘူးဆိုတဲ့ အချက်ကို သွားတွေ့ရပါတယ်။

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်

ဖက်ဒရယ်စနစ်ဟာ ဒီမိုကရေစီအုပ်ချုပ်မှုနဲ့ ပေါင်းစပ်တဲ့အခါမှသာ အလုပ်ဖြစ်လေ့ရှိပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအခြေခံ ဖက်ဒရယ်နိုင်ငံတွေဟာ အတုအယောင်ဖက်ဒရယ်နိုင်ငံတွေထက် အောင်မြင်တည်တံ့ဖို့ အခွင့်အလမ်းပိုများပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီအခြေခံ ဖက်ဒရယ်နိုင်ငံတွေမှာ လူမျိုးစုကိုယ်စားလှယ်တွေဟာ သူတို့ပြည်သူလူထုရဲ့ အကျိုးစီးပွား ၊ နစ်နာချက်နဲ့ မျှော်လင့်တောင့်တမှုတွေကို ဖက်ဒရယ်အစိုးရအဆင့်မှာ ဆွေးနွေးညှိနှိုင်းခွင့်ရရှိကြပါတယ်။ ဒီလိုမျိုး ဆွေးနွေးညှိနှိုင်းမှုဟာ လူမျိုးစုအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထအတွက် တင်ကြိုလိုအပ်ချက် ဖြစ်ပါတယ်။

ဖက်ဒရယ်နိုင်ငံစစ်စစ်တစ်ခုဟာ တရားဥပဒေစိုးမိုးရေးအပေါ်မှာ အခြေခံပြီး အခြေခံဥပဒေအရ အာဏာခွဲဝေမှုနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားမှု ရှိဖို့ လိုပါတယ်။ မအောင်မြင်ဘဲ ပြိုကွဲသွားခဲ့တဲ့ ဖက်ဒရယ်အမည်ခံနိုင်ငံတွေထဲမှာ ဒီမိုကရေစီအခြေခိုင်ပြီးသား နိုင်ငံတစ်ခုမှ မပါဝင်ပါဘူး။

ဒါက ဒီမိုကရေစီအခြေခံ ဖက်ဒရယ်နိုင်ငံတွေက အမြဲတမ်း အောင်မြင်လိမ့်မယ်လို့ ဆိုလိုတာ မဟုတ်သလို ကနေဒါ ၊ ဘယ်လ်ဂျီယမ် ၊ အိန္ဒိယနဲ့ ဆွစ်ဇာလန် စတဲ့ နိုင်ငံတွေဟာ ပြိုကွဲခဲ့တဲ့ ဖက်ဒရယ်အမည်ခံနိုင်ငံတွေရဲ့ လမ်းစဉ်အတိုင်း လိုက်ရလိမ့်မယ်လို့ ယူဆရမယ်ဆိုတာမျိုးလည်း မဟုတ်ပါ။

စိတ်တူကိုယ်ပါ အတူတကွ ပေါင်းစည်းတည်ထောင်ထားကြတဲ့ ဖက်ဒရယ်နိုင်ငံမျိုးဟာ အတင်းဆွဲစုသွတ်သွင်းထားတဲ့ ဖက်ဒရယ်နိုင်ငံမျိုးထက် ပိုကြာရှည်တည်တံ့ဖို့ ဖြစ်နိုင်ခြေ များပါတယ်။ မတူကွဲပြားတဲ့ အုပ်စုတွေရဲ့ ခေါင်းဆောင်တွေအကြား ဆွေးနွေးညှိနှိုင်းရာကနေ ပေါ်ထွန်းလာတဲ့ စိတ်တူကိုယ်ပါ ဖက်ဒရယ်နိုင်ငံတွေဟာ အတင်းဆွဲစုသွတ်သွင်းခံရတဲ့ ဖက်ဒရယ်နိုင်ငံတွေထက် ပိုတရားနည်းလမ်းကျပြီး မျှတမှုရှိတယ်လို့ နိုင်ငံသားတွေက ခံယူကြဖို့ များပါတယ်။

စိတ်တူကိုယ်ပါစုစည်းထူထောင်ထားတဲ့ ဖက်ဒရယ်နိုင်ငံတွေဟာ မတူကွဲပြားတဲ့ အုပ်စုတွေအကြား အတူယှဉ်တွဲနေထိုင်မှုကို အားပေးမြှင့်တင်ရာရောက်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ ကနေဒါ ၊ ဘယ်လ်ဂျီယမ်တို့အပါအဝင် အောင်မြင်တဲ့ လူမျိုးစုံဖက်ဒရယ်နိုင်ငံတွေဟာ စိတ်တူကိုယ်ပါ သဘောတူညီချက်တွေကနေ အခြေခံပြီး ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ မအောင်မမြင် ပြိုကွဲခဲ့တဲ့ ဖက်ဒရယ်နိုင်ငံတွေကတော့ သက်ဆိုင်ရာအုပ်စုတွေရဲ့ သဘောထားဆန္ဒမပါဘဲ အတင်းသွတ်သွင်း စုစည်းတည်ထောင်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

လူမျိုးစုစုံလင်ကွဲပြားတဲ့ နိုင်ငံတစ်ခုအတွက် ခွဲထွက်ရေးဝါဒကို ရှောင်ရှားနိုင်ဖို့ ပညာရှင်တွေ လက်ခံထားတဲ့ အစွမ်းအထက်ဆုံး နည်းလမ်းကတော့ ယဉ်ကျေးမှုပေါင်းစုံ ပါဝင်တဲ့ စနစ်ကို ပိုမိုအသိအမှတ်ပြုပြီး စုံလင်ကွဲပြားမှုကို လေးစားမှုရှိရေးပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗဟိုချုပ်ကိုင်မှုကို ကြိုတင်ကာကွယ်ပြီး ဖက်ဒရယ်ပြည်ထောင်စုထဲက လူမျိုးရေး ၊ ဘာသာရေးအရ မတူကွဲပြားတဲ့ အုပ်စုတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဈာန်ဟိန်း