ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စု ကားလမ်းမကြီး တိုက်ပွဲကြောင့် လမ်းပိတ်နေတဲ့အတွက် ထားဝယ်မြို့က စီးပွားရေးလုပ်ငန်းတွေနဲ့ ဒေသခံပြည်သူတွေဟာ ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဝင်ငွေဆုံးရှုံးမှုစတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်ဘက်ကနေ ကုန်စိမ်းကားတွေ လုံးဝမဝင်ရောက်နိုင်တော့တဲ့အတွက် ထားဝယ်ဈေးကွက်မှာ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းအမျိုးမျိုး ပြတ်လပ်သွားပါတယ်။
မြို့ပေါ်မှာနေထိုင်သူတွေဟာ ရန်ကုန်ကလာတဲ့ ကုန်ပစ္စည်းတွေကို အဓိကအားထားရတာကြောင့် ဟင်းသီးဟင်းရွက်နဲ့ ဘုရားပန်းလိုမျိုး မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါ ဝယ်ယူဖို့ခက်ခဲနေကြပါတယ်။
အခုအချိန်ဟာ ထားဝယ်ဒေသမှာ ဆွမ်းတော်ကြီးတင်တဲ့အချိန်မို့ သစ်သီးလိုအပ်ချက် မြင့်တက်နေပါတယ်။ ဒါပေမဲ့ သစ်သီးတွေဝယ်လို့မရကြဘဲ ဖြစ်နေကြပါတယ်။
လမ်းပိတ်နေတဲ့အတွက် ကုန်သည်တွေဟာ ပစ္စည်းတွေကို အရင်လို အများကြီးမတင်ရဲကြတော့ပါဘူး။
ရုတ်တရက်လမ်းပိတ်သွားတော့ ရှေ့လည်းဆက်မရ၊ နောက်လည်းမဆုတ်သာတဲ့အတွက် ပုပ်သိုးလွယ်တဲ့ကုန်စိမ်းတွေ လုံးဝစွန့်ပစ်လိုက်ရပြီး ကုန်သည်တွေမှာ ဆုံးရှုံးမှု များပြားခဲ့ကြပါတယ်။
ရုတ်တရက်လမ်းပိတ်သွားတဲ့ ရန်ကုန်လာတဲ့ ကုန်းစိမ်းကို မှီခိုနေကြရတဲ့ စားသောက်ဆိုင်လိုမျိုး လုပ်ငန်းရှင်တွေ၊ ဟင်းသီး၊ ဟင်းရွက်ရောင်းချသူတွေရဲ့ လုပ်ငန်းတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိပါတယ်။
တချို့တွေအတွက် အလုပ်မရှိ ဝင်ငွေမရှိ အခြေအနေအထိပါ ဆိုက်ရောက်သွားခဲ့တာပါ။ ဒီလိုအခြေအနေမျိုးက တနင်္သာရီတိုင်းမှာ ဖြစ်လေ့မရှိပါဘူး။
ဒါကြောင့် ဒီအခြေအနေကို သိရှိနိုင်ဖို့ ထားဝယ်ခရိုင်ထဲက ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူအချို့ကို မေးမြန်းကာ ဒီတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ ဖော်ပြပေးလိုက်ပါတယ်။
“သစ်သီးဆို လုံး၀ပြတ်သွားတဲ့ အနေထားရှိတာပေါ့။…အခုလိုမျိုးရှားပြီး ပြတ်သွားတာမျိုး တစ်ခါမှလည်း မကြုံခဲ့ရဖူးဘူး”
ထားဝယ်မြို့ မှ သစ်သီးကုန်သည်တစ်ဦး
DW ။ လမ်းပိတ်ထားချိန် နေ့စဉ်လုပ်ငန်းဘာတွေ ပြောင်းလဲသွားလဲ။
ဖြေ ။ အရင်က ကုန်စိမ်းကားမဝင်တဲ့နေ့ မရှိဘူး။ အခုက လုံး၀မဝင်တော့ သစ်သီးတွေ ပြတ်နေတာပေါ့ နော်။ ရန်ကုန်လမ်းအဆင်မပြေလို့ မြိတ်လမ်းကတင်မယ် ဆိုပြန်တော့လည်း မြိတ်လမ်းကလည်း ဖွင့် လိုက်၊ မဖွင့်လိုက် ဖြစ်နေကြတယ်။ မြိတ်ဘက်က သယ်လာတဲ့ကားလည်း မြိတ်ဘက်ခြမ်းမှာ တစ်ခါပိတ်နေပြန်တာပေါ့။ အဓိက ကျွန်မတို့က မြ၀တီဘက်ကလာတဲ့ ကုန်တွေကို မော်လမြိုင်ကနေပြီး တစ်ဆင့်သွင်းတဲ့အခါကျတော့ မော်လမြိုင်ကနေလည်း ဆင်းမရတော့ ပိုဆိုးသွားတာပေါ့ရှင်။
DW ။ အဲဆိုတော့ လမ်းပိတ်ထားချိန်မှာ ကုန်တွေ ဆုံးရှုံးမှုတွေရောရှိလား။ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ရှိပါတယ်။ လမ်းက ခဏခဏပိတ်နေတော့ ကုန်သည်တွေက အရင်လိုအများကြီး မချကြတော့ဘူး။ ကံပဲဆိုပြီး တစ်ယောက်ကို နည်းနည်းစီ ကားတစ်စီးစာမျှပြီး တင်ကြတယ်။ ဆယ်ဘီးတပ် ကားတစ်စီးစာပေါ့။ သစ်သီးအမျိုးမျိုးပါမယ်။ ပန်းတွေပါမယ်။ ကုန်စိမ်းပါမယ်။ ကုန်သည်အားလုံးပေါင်းပြီး ကံပဲဆိုပြီး ကားတစ်စီးစာစွန့်စားကြတယ်။ အရင်က သူတို့ လမ်းကို ဖွင့်ပေးတာလည်းရှိတော့လေ။ ဒီတစ်ခေါက်မှာကျတော့ ပိုဆိုးသွားတာပေါ့။ ရှေ့တိုးမရ၊ နောက် ဆုတ်မရနဲ့ ကုန်သည်တွေ အားလုံးပေါင်းပြီး သယ်လာတဲ့ပစ္စည်းတွေ ဆုံးရှုံးသွားတာပေါ့နော်။
DW ။ ကားတစ်စီးစာကုန်တွေ ဆုံးရှုံးကုန်တာလား။
ဖြေ ။ အားလုံးကတော့မဟုတ်ဘူး။ တစ်ချို့ ကုန်သည်တွေက ဒီအနီးတဝိုက်မှာ အသိရှိရင် အသိတွေကို လာယူခိုင်းပြီး ရောင်းရတဲ့ပစ္စည်းရှိသလို ဖရဲသီးလို၊ ဩဇာသီးလိုမျိုးကျတော့ လုံး၀စွန့်ပစ်လိုက်ရတာပေါ့။ ဒီတစ်ခေါက်မှာဆိုရင် ကုန်သည် ခြောက်ယောက်စာ ကုန်တွေဆုံးရှံးခဲ့ရတယ်ပေါ့။ တိတိကျကျတော့ ခန့်မှန်းမရဘူးပေါ့လေ။ ကိုယ်ပစ္စည်းလောက်ပဲ ကိုယ်ခန့်မှန်းလို့ရနိုင်မယ်။ ဆုံးရှုံးတာကတော့များတယ်။ လိမ္မော်သီးတစ်ဖာတောင်မှ (ကျပ်)တစ်သိန်းကျော်နေပြီ။ ပန်းတွေဆိုရင်လည်း စွန့်ပစ်လိုက်ရတယ်။ သစ်သီးတွေကျတော့ တစ်ဖက်က ကုန်သည်တွေ ပြန်လာယူပေးကြတာမျိုးလည်းရှိသလို စွန်ပစ်လိုက်ရတာလည်းရှိတာပေါ့။
DW ။ ဒါဆိုရင် သစ်သီးကထားဝယ်မှာဆို လုံးလုံးပြတ်သွားတာလား။ ဘယ်လိုသစ်သီးတွေ ရောင်းနေရတာရှိလဲ။
ဖြေ ။ သစ်သီးဆို လုံး၀ပြတ်သွားတဲ့ အနေထားရှိတာပေါ့။ ဟိုအရင်ကလည်း ရေကြီးလို့ ပြတ်ဖူးပါတယ်။ ဒါပေမဲ့ အခုလိုမျိုးရှားပြီး ပြတ်သွားတာမျိုး တစ်ခါမှလည်း မကြုံခဲ့ရဖူးဘူး။ အခုကလုံး၀ ရောင်းလို့မရှိတော့လောက်အောင်ကို ပြတ်သွားတာ။ ထားဝယ် နဂါးမောက်သီးလိုမျိုး ခြံရှင်တွေလာစပ်ထားလို့ နည်းနည်းပါးပါးရှိမယ်။ ထားဝယ် ကျွဲကောသီးလိုမျိုး နည်းနည်းပါးပါးရှိမယ်။ အဲဒါပဲရှိတော့တယ်။
DW ။ အခုလိုမျိုး ကြုံခဲ့ရတော့ ဘယ်လိုခံစားရလဲ။
ဖြေ ။ စိတ်ထိခိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ အားလုံးက ထိခိုက်ခံစားနေရတော့ ကိုယ်တစ် ယောက်တည်းတော့ မဟုတ်ဘူး ဆိုပြီးဖြေခဲ့ရတာပေါ့။ အရောင်းသမား ဆိုတော့ နေ့တိုင်းရောင်းနေရတယ်လေ။ အခုက မရောင်းရပဲ ထိုင်နေရတော့ ဒီအပေါ်မှာတော့ စိတ်မကောင်းဖြစ်မိတယ်။ တစ်နှစ်ပတ်လုံးမှာဆို ဒီလို တော်သလင်းနဲ့ သီးတင်းကျွတ် ခါနီးအချိန်တွေက သစ်သီးအရောင်းကောင်းဆုံးအချိန်တွေပဲလေ။
DW ။ ဒီလိုလမ်းခရီးတွေကို ပိတ်ထားတဲ့အချိန်မှာကုန်စျေးတွေတက် ပြည်သူတွေကို ဒုက္ခရောက်နေတဲ့ အခြေအနေပေါ် ဘာပြောချင်တာရှိလဲ။
ဖြေ ။ အားလုံးပဲ အဆင်ပြေစေချင်တယ်။ အခုကအားလုံးပင်ပန်းနေကြရပြီလေ။ ကုန်သည်ကြီးတွေ ခက်ခဲရင်လည်း စားသုံးသူတွေလည်း ခက်ခဲကြရတယ်လေ။ အခုက ပြည်သူတစ်ယောက်ချင်း အနေနဲ့လည်း ဆင်မပြေတဲ့ကြားက မတန်တဆ ပေးပြီးဝယ်နေကြရတယ်လေ။ အားလုံးပဲအဆင်ပြေစေချင်တယ်။ ကျန်တဲ့အပိုင်းတွေမပြောတတ်ဘူး။
DW ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။
“ဘာမှဝယ်လို့ ခြမ်းလို့မရတော့တဲ့ဘဝကို ရုတ်တရက်ရောက်သွားတာ။ ကျွန်တော်ဆိုလည်း အလုပ်ပျက်၊ အကိုင်ပျက်နဲ့ အားလုံးပျာယာခတ်ကုန်ကြတော့တာပဲ”
ထားဝယ်ခရိုင် ကြက်ဥပို့ဝန်ဆောင်မှုပေးသူတစ်ဦး
DW ။ ထားဝယ်ဈေးကွက်မှာ ကြက်ဥက လုံးဝပြတ်သွားပြီး ဈေးတွေတက်နေကြတဲ့အကြောင်း အရင်ဆုံးပြောပြပေးပါလား။
ဖြေ ။ ကျွန်တော်တို့မှာက မော်လမြိုင်ကလာတဲ့ ကြက်ဥကို အဓိက ယူရောင်းကြတာဆိုတော့ (ရန်ကုန်-မော်လမြိုင်-ထားဝယ်) ကားလမ်းပိတ်ရင် ကြက်ဥကပြတ်သွားတာပေါ့လေ။ ကျွန်တော်ဆိုရင် ကံဆိုးတဲ့အထဲပါတာပေါ့။ လက်ထဲပစ္စည်းပြတ်နေတဲ့အချိန်နဲ့ကိုတိုးတာ။ လှမ်းမှာထားတဲ့အချိန်မှာ အခုလိုမျိုးတွေဖြစ်ကုန်တာပေါ့နော်။ ဆိုင်တွေကလည်း ကြက်ဥပြတ်ပြီသိတာနဲ့ လာပို့ပေးဖို့ ဖုန်းတွေတတွတ်တွတ်ဆက်ကြတာပေါ့။ လူတွေကလည်း အလုအယက်လိုက်ဝယ်ကြတာနဲ့ အဲမှာဈေးတွေက မတန်တဆတက်သွားတော့ပေါ့။
DW ။ အခုကြက်ဥပို့တဲ့အလုပ်နားထားရတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ ။ ကြက်ဥကုန်သွားတာကတော့ လေးငါးရက်လောက်ရှိပြီပေါ့။ နယ်တွေကို လိုက်မပို့တာကတော့ တစ်ပတ်လောက်ဖြစ်သွားပြီ။ လက်ကျန်နည်းနည်းလေးရှိတာကို အိမ်မှာပဲ အတင်းလာဝယ်နေကြတော့ နယ်ဖောက်သည်တွေတောင် မရတော့ဘူး။
DW ။ ကြက်ဥမပို့ရတော့ မိသားစုစားဝတ်နေရေးအတွက် အခုဘာလုပ်နေလဲ။
ဖြေ ။ ဘာမှမရှိဘူး။ အငြိမ်းစားဖြစ်နေတယ်။ စဖြစ်ကာစကတော့ ဒီလောက်အထိ လမ်းပိတ်တာကြာမယ်လို့မထင်ထားဘူးလေ။ အရင်ကလိုမျိုးပဲ တစ်ရက်၊ နှစ်ရက်လောက်ဆို ပြန်ပွင့်မယ်ပဲတွေးပြီး ကြက်ဥဆင်းလာတာကိုပဲစောင့်နေတာပေါ့။ အဲလိုစောင့်ရင်းစောင့်ရင်းနဲ့ ကြာလာတော့ ဒီအတိုင်းနေလို့တော့မရတော့ဘူးဆိုပြီး ကြက်ဥမပို့ရပေမယ့် (ကြက်ဥပို့တဲ့) ကားကျန်နေသေးတယ်ဆိုတော့ ပါဆင်ဂျာဖြစ်ဖြစ် ကုန်ဖြစ်ဖြစ် တင်မယ်ဆိုပြီးစိတ်ကူးသေးတယ်။ အခုက ဘယ်က ကုန်မှမရှိတော့ အလုပ်မဖြစ်ဘူးပေါ့ဗျာ။
DW ။ ကြက်ဥပမို့ရတဲ့အချိန် ဝင်ငွေအပါအဝင် ဘာတွေထိခိုက်မှုရှိလဲ။
ဖြေ ။ ထိခိုက်တာကတော့ ဝင်ငွေကထိပ်ဆုံးကပေါ့လေ။ တစ်နေ့ကို (ကျပ်) သုံးလေးငါးသောင်းကတော့ ထိတယ်ဗျ။ ဆယ်ရက်ဆိုရင် ဘယ်လောက်ဖြစ်သွားပြီလဲ။ အလုပ်မရှိတဲ့ရက်တွေအတွက်ကျတော့ အဲဒီထဲကပဲစားနေရတာပေါ့လေ။ ပြီးတော့ ဖောက်သည်တွေလည်း ဆုံးရှုံးကုန်ပြီထင်တယ်။ တချို့ဖောက်သည်တွေက (ကြက်ဥ) ရတဲ့သူဆီရောက်ကုန်ပြီဆိုရင် ကျွန်တော်အတွက် နစ်နာသွားတာမျိုးတော့ ရှိတာပေါ့နော်။
DW ။ အခုလို ရက်ရှည်လမ်းပိတ်တဲ့သွားတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ဒါကတော့ လူတွေဒုက္ခရောက်ကုန်ကြတာ အားလုံးသိကြတာပဲလေ။ ဘာမှဝယ်လို့ ခြမ်းလို့မရတော့တဲ့ဘဝကို ရုတ်တရက်ရောက်သွားတာ။ ကျွန်တော်ဆိုလည်း အလုပ်ပျက်အကိုင်ပျက်နဲ့ အားလုံးပျာယာခတ်ကုန်ကြတော့တာပဲ။ အဓိကစိတ်ပူတာကတော့ လမ်းပြန်မပွင့်တော့ဘဲ ဖြစ်နေမှာကိုပဲပေါ့။ တစ်ပတ်ဆယ်ရက်လောက်ကြာလို့ ပြန်ပွင့်သွားတယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့လေ။ အဓိကတော့ လမ်းပြန်မပွင့်တော့မှာပဲ စိုးရိမ်တာ။
DW ။ ကျေးဇူးတင်ပါတယ်။
“ဈေးတွေတက်ကုန်တာကို။ ကျွန်မတို့ဈေးမှာဆိုရင် ရွှေဖယုံသီးလေး တစ်ခြမ်းတောင်မှ ဝယ်လို့မရတော့ဘူး”
ဒေါ်သန်းစိန်၊ ပန်းရောင်သူ လောင်းလုံးမြို့နယ်
DW ။ အစ်မက ရန်ကုန်ကပန်းတွေကိုပဲရောင်းတာလား။ ဘယ်လိုရောင်းတာလဲ။
ဖြေ ။ ကျွန်မက ရန်ကုန်ပန်းတစ်ခုပဲယူရောင်းတာပါ။ ပန်းရောက်လာပြီဆိုတာနဲ့ ကိုယ့်အိမ်မှာ အရိုးတံတွေဖြတ်၊ တစ်စီးချင်းပြန်စည်းပြီးတော့ ဖောက်သည်တွေကို ဆိုင်ကယ်နဲ့လိုက်ပို့ပေးတယ်။ ဈေးမှာလည်း (ကိုယ်တိုင်) ရောင်းတယ်။
DW ။ အခုပန်းမရောင်းရတာ ဘယ်လောက်ကြာပြီလဲ။ မိသားစုစားဝတ်နေရေးကရော ဘယ်လိုဖြေရှင်းနေလဲ။
ဖြေ ။ အမှန်အတိုင်းပြောရရင် ကျွန်မမှာ ပန်းရောင်းတဲ့အလုပ်တစ်ခုပဲရှိတာ။ ပန်းမရောင်းရရင် ဝင်ငွေလည်းမရှိတော့ဘူးကျွန်မမှာ။ အခုကတော့ အရင်းလေးချန်ပြီး စားဖို့သောက်ဖို့ကတော့ ဟိုလူ့နည်းနည်း ဒီလူ့နည်းနည်း ချေးထားရတယ်။ ယောက်ျားကလည်း မိုးရာသီဆိုတော့ (ကင်းမွန်မီးထွန်း) လှေထွက်လို့မရသေးတော့ ပိုက်ဆံမရဘူး။
DW ။ ရန်ကုန်-ထားဝယ်ကားလမ်းပိတ်သွားတဲ့အပေါ် ဘာပြောချင်တာရှိလဲ။
ဖြေ ။ ဝယ်ရခြမ်းရအရမ်းခက်သွားတယ်။ ဈေးတွေတက်ကုန်တာကို။ ကျွန်မတို့ဈေးမှာဆိုရင် ရွှေဖယုံသီးလေး တစ်ခြမ်းတောင်မှ ဝယ်လို့မရတော့ဘူး။ လူတွေလည်းငြီးနေကြတာပေါ့။ ဘုရားပန်းလေးတောင် ဝယ်ကပ်စရာမရှိတော့ဘူးဆိုပြီ။ ကျွန်မတို့ရွာမှာကတော်သေးတယ်။ ပန်းလိုက်ခူးပြီးကပ်လို့ရသေးတယ်။ (ထားဝယ်) မြို့ပေါ်မှာ ဘယ်ကပန်းကိုခူးပြီး ကပ်မလဲ။ ရွာမှာက ဟင်းသီး၊ ဟင်းရွက်ရှာစားလို့ရသေးတယ်။ မြို့မှာ ရှာစားလို့မရဘူးလေ။
DW ။ အလုပ်ကလည်းမရှိတော့ဘူး။ ကုန်ဈေးနှုန်းတွေကလည်း ပိုတက်လာတယ်ဆိုတော့ အခုဘယ်လိုစားသောက်နေကြလဲ။
ဖြေ ။ ယောက်ကျားက မနက်ဆိုရင် (ရေချို) ငါးဖမ်းတယ်။ အဲဒါနဲ့စားတယ်။ ပိုရင်တော့ရောင်းတာပေါ့။ ငါးအတွက်ကတော့ မပူရဘူး။ ဆန်၊ ဆီ၊ဆေး၊ ဆားဝယ်ဖို့ပဲ ပူရတာ။ အဲဒီအတွက်ပဲလိုက်ချေးငှားနေရတာ။
DW ။ ကျေးဇူးတင်ပါတယ်။
“ရောင်းတဲ့သူတွေမှာလည်း ပိုက်ဆံဆုံးရှုံးကြ၊ ဝယ်စားတဲ့သူတွေမှာလည်း ဝယ်လို့မရ အားလုံး ဒုက္ခရောက်ကုန်ကြတာပေါ့”
ထားဝယ် ကမ်းနားဈေးတွင် ဟင်းသီး၊ ဟင်းရွက်ရောင်းချသူတစ်ဦး
DW ။ ရန်ကုန်-ထားဝယ်ကားလမ်းပိတ်တော့ ဈေးထွက်ရသေးရဲ့လား။
ဖြေ ။ ကျွန်မကတော့ ဈေးပုံမှန်ထွက်ဖြစ်သေးတယ်။ (ဩဂုတ်လ) ၁၄ ရက်နေ့ကတည်းက ကားလမ်းတွေစပိတ်လိုက်တော့ ရန်ကုန်ကုန်စိမ်းတွေမရတော့ဘူးဆိုတာနဲ့သူများတွေကတော့ ရောင်းစရာမရှိတော့ဘူးပေါ့။ ကျွန်မက ကိုယ့်နယ်က ဟင်းရွက်ကို အဓိကယူရောင်းတာ။ ရန်ကုန်ကုန်စိမ်းက အရံလောက်ပဲဆိုတော့ ကျွန်မမှာတော့ ရောင်းစရာမပြတ်သွားဘူး။
DW ။ ကမ်းနားဈေးမှာ အသီးအရွက်တွေ လုံးဝပြတ်သွားတာလား။
ဖြေ ။ ဂေါ်ဖီထုတ်တွေ၊ ခရမ်းချဉ်သီးတွေ၊ ဘုရားပန်းတွေကတော့ ရန်ကုန်ကလာတဲ့ ပစ္စည်းမှန်သမျှက လုံးဝပြတ်ကုန်တာ။ နယ်ကယူရောင်းတဲ့သူတွေမှာတော့ မပြတ်ဘူးပေါ့။ ဒါပေမယ့် နယ်ကလာရောင်းတာက ရန်ကုန်ကဆင်းတာနဲ့စာရင် နည်းနည်းလေးပဲဆိုတော့ မလောက်ဘူးပေါ့။
DW ။ ရန်ကုန်က ဟင်းသီး၊ ဟင်းရွက်ယူရောင်းတဲ့သူတွေ ဈေးမထွက်ရတော့ သူတို့အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ သူတို့ကတော့ ကုန်ကားတွေကို ဖုန်းခဏခဏဆက်ပြီး လမ်းပြန်ဖွင့်မယ့် အခြေအနေကို နေ့တိုင်းမေးနေကြတာပဲ။ အဲကပစ္စည်းရောက်မှ ဈေးရောင်းရမှာကိုး။ ဝယ်နေကျဖောက်သည်တွေကို အားနာတာလည်းပါတယ်။ စားသောက်ဆိုင်ကြီးတွေဆို ကုန်စိမ်းရောက်တာနဲ့ ဘယ်လောက်ကျကျ သူတို့အတွက်ချန်ထားပေးဖို့ ခဏခဏလာမှာနေကြတာကိုး။
DW ။ ရန်ကုန်ကုန်းစိမ်းမရတော့ စားသောက်ဆိုင်တွေလည်း ပိတ်ထားရတယ်ထင်တယ်။
ဖြေ ။ ဆိုင်တော့ပုံမှန်ပဲဖွင့်ထားကြတယ်။ စားစရာတွေတော့ အရင်လိုမစုံတော့ဘူးပေါ့။
DW ။ ရန်ကုန်-ထားဝယ်လမ်း ပိတ်ပြီး ကုန်ပစ္စည်းတွေပြတ်လပ်သွားတဲ့အပေါ်ဘာပြောချင်တာရှိလဲ။
ဖြေ ။ ရောင်းတဲ့သူတွေမှာလည်း ပိုက်ဆံဆုံးရှုံးကြ၊ ဝယ်စားတဲ့သူတွေမှာလည်း ဝယ်လို့မရ အားလုံး ဒုက္ခရောက်ကုန်ကြတာပေါ့။ အခုတော့ (ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် ပိတ်မိနေသည့်ကုန်စိမ်းတွေကို) ရေလမ်းကနေ နည်းနည်းစီသယ်လို့ရနေပြီ။ ခရီးစရိတ်တော့ ပိုကုန်တယ်။ လွှင့်ပစ်ရမှာနဲ့စာရင်တော့ ကောင်းတာပေါ့လေ။ လှေကသေးသေးဆိုတော့ အများကြီးတော့ သယ်လို့မရသေးဘူး။ ဒီလိုသယ်လို့ရမှန်း အစကတည်းက ကြိုသိရင်တော့ ပစ္စည်းတွေလွှင့်ပစ်စရာ မလိုတော့ဘူးပေါ့။ အခုကတော့ လွှင့်ပစ်လိုက်ရတာတွေ အများကြီးပဲလို့ကြားတယ်။
DW ။ နောက်တခါ ရန်ကုန်-ထားဝယ် လမ်းပိတ်ရင် အခုလိုပဲ ရေလမ်းကနေသယ်ဖို့ လမ်းကြောင်းတစ်ခုရသွားက အဆိုးထဲက အကောင်းလို့ပြောလို့ရမလား။
ဖြေ ။ ရေလမ်းကသယ်တာ ကုန်ကားတွေလိုမျိုး အများကြီးသယ်လို့မရဘူး။ ပြီးတော့ ကရိကထလည်းများတယ်။ ကားပေါ်ကချလိုက်၊ လှေပေါ်တင်လိုက်နဲ့။ ကုန်ကျစရိတ်လည်းများတယ်။ ပုပ်လို့လွှင့်ပစ်ရမယ့်အတူတူ ရတဲ့နည်းနဲ့သယ်မယ်ဆိုပြီးပဲသယ်ကြတာ။ ဒီအတိုင်းဆို ကားနဲ့ကအကောင်းဆုံးပဲ။







