ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေ လက်နက်ချခဲ့တဲ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြအောင်ပွဲအခမ်းအနားကို အခုအပတ် ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံ ၊ မြို့တော်ဘေဂျင်း ကျင်းပခဲ့ပါတယ်။
ဒီစစ်ရေးပြပွဲပုံရိပ်တွေကလည်း အင်တာနက်ပေါ်မှာ အတော်လေး လူစိတ်ဝင်စားမှု များပြားခဲ့ပါတယ်။ အဲဒီစစ်ရေးပြပွဲမှာ တရုတ်က ကမ္ဘာကို ထုတ်ပြလိုက်တဲ့ စစ်လက်နက်တွေနဲ့အတူ ထပ်တူအရေးပါတာတစ်ခုကတော့ စစ်ရေးပြပွဲကို ဘယ်သူတွေ တက်ရောက်ခဲ့သလဲ ဆိုတာပါပဲ။
ဒီစစ်ရေးပြပွဲကို ဒါဇင်နဲ့ ချီတဲ့ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ “ကသောင်းကနင်း ဝင်ရိုးစွန်းနိုင်ငံများ(Axis of Uuheaval)” လို့ ခေါ်ဝေါ်ခံရတဲ့ နိုင်ငံ ၄ နိုင်ငံရဲ့ ခေါင်းဆောင်တွေကို အပြင်မှာ လူချင်းတွေ့ စုစည်းပေးလိုက်တာဟာ ဒီစစ်ရေးပြပွဲရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံ့ခေါင်းဆောင်တွေကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် ၊ ရုရှားသမ္မတ ဗလာဒီမာပူတင် ၊ မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်နဲ့ အီရန်သမ္မတ မာဆုဒ်ပဇစ်ကီရန်တို့ပဲ ဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ကမ္ဘောဒီးယား ၊ လာအို ၊ အင်ဒိုနီးရှား ၊ မလေးရှားနဲ့ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှနိုင်ငံအချို့ တက်ရောက်ခဲ့ပါတယ်။ ပါကစ္စတန် ၊ နီပေါ ၊ မွန်ဂိုလီးယားနဲ့ မော်လဒိုက် ၊ အာမေးနီးယား ၊ အဇာဘိုင်ဂျန် ၊ ဘဲလာရုစ် ၊ ကျူဘား ၊ ကာဇက်စတန် ၊ ကာဂျစ်စတန် ၊ တာဂျစ်ကစ္စတန် ၊ တာ့ခ်မင်နစ္စတန် ၊ ဥဇဘက်ကစ္စတန် ၊ ကွန်ဂိုနဲ့ ဇင်ဘာဘွေနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
ဒီစစ်ရေးပြပွဲအခမ်းအနားကို တရုတ်အစိုးရထိပ်တန်းအရာရှိအများစု တက်ရောက်ခဲ့ပါတယ်။ အထင်ကရ အခမ်းအနားတွေမှာ မတွေ့ရတော့တဲ့ တရုတ်ထိပ်တန်းအရာရှိတွေဟာ သမ္မတရှီကျင်ဖျင့်နဲ့ အဆင်မပြေ ဖြစ်နေတယ်လို့ တရုတ်အရေးစောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းလေ့ရှိပါတယ်။
တရုတ်သမ္မတဟောင်း ဟူကျင်းတောင်နဲ့ တရုတ်ဝန်ကြီးချုပ်ဟောင်း Zhu Rongji တို့ကိုတော့ စစ်ရေးပြပွဲအခမ်းအနားမှာ မတွေ့ခဲ့ရပါဘူး။ ၂၀၂၂ ခုနှစ်တုန်းက ဟူကျင်းတောင်ကို တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်အစည်းအဝေးခန်းမထဲကနေ ဆွဲထုတ်သွားခဲ့ပြီးနောက်ပိုင်းကတည်းက သူ့ကို လူမြင်ကွင်းမှာ သိပ်မတွေ့ရတော့ပါဘူး။
ဗုဒ္ဓဟူးနေ့က စစ်ရေးပြပွဲအခမ်းအနားကို အမေရိကန် ၊ အနောက်ဥရောပ ၊ ဂျပန် ၊ အိန္ဒိယနဲ့ တောင်ကိုရီးယားက နိုင်ငံ့ခေါင်းဆောင်တွေ မတက်ရောက်ခဲ့ကြပါဘူး။
စစ်ရေးပြပွဲမတိုင်ခင် နှစ်ရက်မှာ တရုတ်နိုင်ငံ ၊ ထျန်ကျင်းမြို့မှာ ၂၅ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို ပြုံးပြုံးရွှင်ရွှင် တပူးတွဲတွဲ တွေ့ခဲ့ရပါတယ်။
ဒီရက်ပိုင်းအတွင်း ပြုလုပ်သွားခဲ့တဲ့ အဲဒီထိပ်သီးအစည်းအဝေးနဲ့ စစ်ရေးပြပွဲဟာ အံတုတဲ့ သတင်းစကား ပါးလိုက်တာပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အထူးသဖြင့် စစ်ရေးပြပွဲဟာ ဒီကနေ့ တရုတ်ပြည်ရဲ့ အင်အားကို အမေရိကန်နဲ့ သူ့မဟာမိတ်တွေ မြင်အောင် ထုတ်ပြဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တရုတ်နိုင်ငံဟာ အနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမှ မကြောက်ခဲ့ဘူး။ အမြဲတမ်း ရှေ့ဆက်နေတယ်”
ဗုဒ္ဓဟူးနေ့မှာ တီအန်မင်ရင်ပြင်စင်မြင့်ပေါ်ကနေ တရုတ်သမ္မတရှီကျင့်ဖျင် ပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေကို သွယ်ဝိုက်ရည်ညွှန်းပြီး ပြောသွားတဲ့ စကားဖြစ်တယ်လို့ The Guardian က ဖော်ပြပါတယ်။
ပူတင် ၊ ကင်ဂျုံအန်နဲ့ ရှီကျင့်ဖျင်တို့ ကောဇောနီပေါ်မှာ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံရိပ်ဟာ အနောက်အုပ်စုကို အန်တုတဲ့ သတင်းစကားတစ်ခု ပါးလိုက်တာပဲလို့ လေ့လာသူတွေက ဆိုပါတယ်။
“လူသားထုဟာ ငြိမ်းချမ်းရေးကို ရွေးမလား ၊ စစ်ပွဲကို ရွေးမလား ၊ ဆွေးနွေးအဖြေရှာရေးကို ရွေးမလား ၊ ထိပ်တိုက်ရင်ဆိုင်ရေးကို ရွေးမလား ၊ သူမနာ ကိုယ်မနာ ရလဒ်ကို ရွေးမလား ၊ သူနိုင်ကိုယ်ရှုံး ရလဒ်ကို ရွေးမလား ဆိုတဲ့ ရွေးချယ်စရာနဲ့ ရင်ဆိုင်နေရပြီ” လို့ ရှီကျင့်ဖျင်က ထပ်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီစစ်ရေးပြပွဲနဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးဟာ ဒေသတွင်းအာဏာနိုင်ငံရေးမှာ ဆယ်စုနှစ်များစွာ ရှိနေခဲ့ပြီးသား ဖြစ်တဲ့ မိမိအကျိုးစီးပွားအတွက် ခြေပုန်းခုတ်ကြတဲ့ သံတမန်ရေးထက်လည်း မပိုပါဘူး။
တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှားဆီက စွမ်းအင်ကို ဈေးပေါပေါနဲ့ လိုချင်ပြီးတော့ အဏုမြူလက်နက် ဖင်ခုထိုင်ထားတဲ့ မြောက်ကိုရီးယားနဲ့ နယ်စပ်မှာ တည်ငြိမ်နေတာမျိုးကို လိုချင်ပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း သူတို့ အခုတိုက်နေတဲ့ ယူကရိန်းစစ်ပွဲမှာ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ အဆက်ဖြတ်ထားမှု ဒဏ်ကနေ လွတ်မြောက်ချင်ပါတယ်။
မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်က ပိုက်ဆံ ၊ အုပ်ချုပ်ရေးတရားဝင်မှုနဲ့ မဟာရန်သူတော် တောင်ကိုရီးယားကို အနိုင်ပိုင်ရေးကို မက်မက်စက်စက် လိုချင်နေပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီကတော့ အမေရိကန်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေချိန် ဒေသတွင်းဟဲဗီးဝိတ်နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ် ၊ ရုရှားတို့နဲ့ ဆက်ဆံရေးကို ကောင်းကောင်းထိန်းသိမ်းထားလိုတဲ့ ဆန္ဒရှိပါတယ်။
ဒါပေမဲ့ တရုတ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပေါ်ထွက်လာတဲ့ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ်ကြောင့် နစ်နာဆုံးရှုံးနေတယ်လို့ ခံစားနေရတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်နိုင်ငံကြီးနေရာကို ရဖို့ ကြိုးစားနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ် ပြိုကွဲနေချိန် နောက်ထပ်ရွေးချယ်စရာ ကမ္ဘာ့အစီအစဉ်သစ်မှာ အခြားနိုင်ငံတွေ ပါဝင်လာအောင် တရုတ်က လူစုနေပြီလို့ သုတေသီတစ်ယောက်က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်သွားခဲ့တဲ့ တရုတ်ရဲ့ စစ်ရေးပြပွဲနဲ့ ပတ်သက်လို့ သူက အခုလို ပြောခဲ့ပါတယ်။
“ ဒီစစ်ရေးပြပွဲဟာ ထရမ့်ရဲ့ သံတမန်ရေးညံ့ဖျင်းမှုနဲ့ ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးပရိယာယ်ကြောင့် တရုတ်နိုင်ငံ အင်အားပိုကြီးထွားလာနေတာကို ပြသနေတယ်”
ဈာန်ဟိန်း