တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၀ဦးအနက် နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရှစ်ဦး စစ်မှုထမ်းပို့ဆောင်ခံရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ဇူလိုင်လ ၃၀ရက်တွင် စစ်အာဏာရှင်တပ်သားများက လယ်တောင်ယာရွာသို့ ရောက်လာပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးသွားခဲ့သည်။
စစ်အာဏာရှင်တပ် ဖမ်းဆီးသွားသည့် အရပ်သား ၁၀ ဦးအနက် ကျန်းမာရေးမကောင်းသူ ၂ ဦးကို ဩဂုတ်လ ၃ရက်တွင် ပြန်လွှတ်လိုက်ပြီး ကျန် ရှစ်ဦးကို စစ်မှုထမ်းအတွက် စုဆောင်းထားကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။
“ဆိုင်ကယ်ပြင်ဆိုင်က သူနဲ့ကျန်းမာရေး မကောင်းတဲ့သူနှစ်ဦး ပြန်လွှတ်လိုက်တယ်။ သူတို့နှစ်ယောက်က အသက်လည်း ကြီး (အသက် ၄၀ကျော်အရွယ်ဖြစ်) နေပြီ။ (ပြန်လွတ်လာတာ) ရိုက်ထုရာတွေနဲ့ပါပဲ” ဟု ၎င်းက ပြောသည်။
ကျန် ရှစ်ဦးကို ဩဂုတ်လ ၃ရက်တွင် စစ်အာဏာရှင်တပ် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းတွင် မိသားစုဝင်များနှင့် နောက်ဆုံး တွေ့ခွင့်ပေးခဲ့ကြောင်း အဖမ်းခံရသူများ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“မိသားစုနဲ့ ပေးတွေ့လို့ သွားတွေ့တော့ ကလေးတွေက ငိုပြီး သူတို့ စစ်မှုထမ်းရမှာ တအားကြောက်တယ်လို့ ပြောတယ်။ ခေါင်းတွေလည်း (စစ်သား) ပုံစံခေါင်း ညှပ်ပေးထားကုန်ပြီ” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။
အဆိုပါ ရှစ်ဦးအနက် ပဝရွာသားတစ်ဦးမှာ ခန္ဓာကိုယ်တွင် ရိုက်နှက်ထားသည့်ဒဏ်ကြောင့် ညိုမည်းစွဲနေသည်ကို တွေ့ရသည်ဟု ပြောကြောင်း ၎င်းက ဆိုသည်။
မိသားစုနှင့် တစ်ကြိမ် တွေ့ခွင့်ရပြီးနောက် နောက်ထပ်ပေးတွေ့မည် မဟုတ်ဘဲ စစ်မှုထမ်းရတော့မည်ဟု စစ်အာဏာရှင်တပ်သားများက ပြောဆိုလိုက်သည်ဟုလည်း သိရကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။
စစ်မှုထမ်းသစ်ရရှိရေးအတွက် စစ်ဆေးရေးသဖွယ် လုပ်ဆောင်ရန် စစ်အာဏာရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ရုံး ကကကြည်းက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်တိုင်းများကို ညွှန်ကြားထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။