တနင်္သာရီမြို့နယ်တွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် ည ၁၀နာရီဝန်းကျင်တွင် ဘက်ပြောင်းခိုလှုံခြင်းဖြစ်ပြီး အဆိုပါတပ်သားသည် တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် ခမရ ၅၅၇ တပ်ရင်းက ဖြစ်ကြောင်း တနင်္သာရီပကဖက ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။
စစ်အာဏာရှင်တပ် ခမရ ၅၅၇ တပ်ရင်းမှာ အမှတ် ၁၃ စစ်ဆင်ရေးကွပ်မှုဌာမချုပ်လက်အောက်ခံတပ်ရင်းဖြစ်သည်။
ရန်ကုန်တိုင်းဇာတိဖြစ်သည့် အဆိုပါတပ်သားမှာ ၂၀၂၅ ဖေဖော်ဝါရီလတွင် စစ်မှုထမ်း အမှတ်စဉ် ၉ ကို တက်ရောက်ရပြီး ခမရ ၅၅၇ တပ်ရင်းကိုရောက်လာသည်မှာ ၃ လနီးပါးကြာပြီဖြစ်ကြောင်း ၎င်း၏ပြောဆိုချက်ကို ကိုးကားကာ တနင်္သာရီ ပကဖ တာဝန်ရှိသူက ပြောသည်။
“ည ၇ နာရီလောက် ရန်ကုန် (မြို့) လမ်းမှာ စစ်သားတွေက ခဏလိုက်ခဲ့ဆိုပြီး စစ်မှုထမ်းစုဆောင်းခံရတာမျိုးပါ။ အခု သူ့ဘက်ကအရင် ချိတ်ဆက်ပြီးတော့ ထွက်လာတာပါ။ လက်ရှိကတော့ သူဆန္ဒအတိုင်းပဲ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေမှာရှိနေပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ဘက်ပြောင်းခိုလှုံသူသည့်တပ်သားသည် MA-2 သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည် ၁၈ တောင့် ယူဆောင်လာကြောင်း တနင်္သာရီပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကြောင့် NUG၏ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ကိုလည်း စာရင်းတင်သွင်းထားပြီး လတ်တလောတွင် တနင်္သာရီပကဖက ဆုငွေ ကျပ် ၁၀ သိန်းကို ကနဦးချီးမြှင့်ထားကြောင်း တနင်္သာရီ ပကဖ တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ရက်ကလည်း တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာရှေ့တန်းတွင် တာဝန်ကျနေသည့် စစ်အာဏာရှင်တပ်သားနှစ်ဦး KNLA တပ်ရင်း ၁၁ ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သည်။