တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ ရော်ဘာတောအတွင်း မြက်ခုတ်စက်ဖြင့် မြက်ရှင်းစဥ် မပေါက်သေးသည့် စစ်ကျန်လက်နက်ကြီးကျည်ကို ထိမိရာက ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။
ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ညောင်ပင်ကွင်းရွာ စာသင်ကျောင်းအနောက်ဘက်ရှိ စစ်အာဏာရှင်တပ် (ကကကြည်း) ပိုင်ဆိုင်သည့် ရော်ဘာခြံတွင် စက်ဖြင့်မြက်ရှင်းချိန် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို မြက်ခုတ်စက်ကဓားဖြင့်ခုတ်မိ၍ ပေါက်ကွဲသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဘန်လောရွာနေ အသက် ၂၃ နှစ်အရွယ် မြက်ခုတ်နေသည့် ကိုအာကာဖြိုး သေဆုံးသွားကြောင်း ၎င်းက ပြောသည်။
“စက်ခုတ်တာ မပေါက်တဲ့ကျည်ခုတ်မိလို့ ဆုံးသွားတယ်။ အိမ်တောင်မရောက်ဘူး။ လမ်းမှာပဲဆုံးသွားတယ်။ ကျည်က ၄၀မမလား၊ ၆၀မမလားတော့ မသိဘူး”ဟု အထက်ပါဒေသခံက ဆိုသည်။
မြက်ခုတ်စက်တွင်တပ်ဆင်ထားသည့် ဓါးမှာနှစ်ပိုင်းကျိုးသွားပြီး ပေ ၂၀၀ ကျော် အထိလွင့်စင်သွားကာ လူနေအိမ်အနီးသို့ ရောက်သွားကြောင်း ညောင်ပင်ကွင်းရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်ကနေတောင် ပေါက်ကွဲသံကြားရတယ်။ဓားကျတဲ့နေရာက အိမ်နဲ့မလှမ်းမကမ်းလေ။ (ကျန်တဲ့)လူတွေတော့ ဘာမှမဖြစ်သွားဘူး” အထက်ပါအမျိုးသားက ဆိုသည်။
စစ်အာဏာရှင်တပ်(ကကကြည်း)ပိုင် ရော်ဘာခြံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာနေပြည်သူများက ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည့်နေရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ညောင်ပင်ကွင်းရွာတွင် စစ်အာဏာရှင်တပ် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းအခြေစိုက်ထားပြီး ညောင်ပင်ကွင်းရွာအတွင်းသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။