တနင်္သာရီမြို့နယ် လယ်တောင်ယာရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် ပုခက်အတွင်းအိပ်နေသည့် ကလေးတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၅ ရက် ည ၁၀ နာရီခွဲခန့်တွင် တနင်္သာရီမြို့ရှိ စစ်အာဏာရှင်တပ်က လယ်တောင်ယာရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်သဖြင့် အသက်တစ်နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦးလက်နက်ကြီးအစထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“လက်နက်ကြီးက အိမ်နားလာကျပြီး ကလေးမှာ အစလာစင်တယ်။ ကလေးက ပုခက်ထဲမှာ အိပ်နေတယ်။ လည်ပင်းအောက်နားမှာ အစထိပြီး သေသွားတယ်”ဟု အထက်ပါအမျိုးသမီးက ပြောသည်။
စစ်အာဏာရှင်တပ်က လယ်တောင်ယာရွာထဲကို အဆိုပါနေ့ညနေတွင် လက်နက်ကြီးနှစ်လုံး၊ ညဦးပိုင်းတွင် နှစ်လုံး၊ ညပိုင်းတွင် တစ်လုံးပစ်ခတ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
ညပိုင်းတွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာက အစထိပြီး ပုခက်အတွင်းအိပ်ပျော်နေသည့် ကလေး ပွဲချင်းပြီးသေဆုံးသွားကြောင်း ၎င်းက ပြောသည်။
“ပုခက်လည်းပေါက်(ပြဲ)သွားတယ်။တိုက်ပွဲလည်း မဖြစ်ဘဲ လက်နက်ကြီး ရွာထဲကိုပစ်နေတယ်”ဟု အထက်ပါဒေသခံက ဆိုသည်။
ဩဂုတ်လ ၄ရက်နေ့က လယ်တောင်ယာရွာရှိ ပြည်ထောင်စုလမ်းပေါ်တွင် စစ်အာဏာရှင်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ရာက တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်။