မြိတ်-ပုလော လမ်းပိုင်းရှိ ပလမြို့ဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲရက်ရှည် ပြင်းထန်နေသဖြင့် ကားခထက် ၈ ဆဝန်းကျင်စျေးပိုပေးရသည့် အမြန်ရေယာဉ်များဖြင့် သွားလာနေရကြောင်း ခရီးသည်အချို့ ထံမှ သိရသည်။
တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆိုပါလမ်းပိုင်းသွားလာခွင့်ကို ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်က ပလမြို့ဝန်းကျင်ကို ကြည်း၊ရေ၊လေ အသုံးပြုပြီး တိုက်ခိုက်နေသည့်အတွက် ခရီးသွားများနှင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများပြားခဲ့သည်။
အဆိုပါ လမ်းပိုင်းဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်မှာ ၁၀ ရက်ကျော်လာပြီးဖြစ်သဖြင့် မဖြစ်မနေသွားလာရမည့်ခရီးသွားများက ရေကြောင်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားလာနေကြကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။
၅၄ မိုင်ဝန်းကျင်ဝေးကွာသည့် အဆိုပါခရီးကို ကုန်းလမ်းခရီးက ကားဖြင့်သွားပါက တစ်ဦးလျှင် ၁၈၀၀၀ ကျပ် ဝန်းကျင်သာရှိသော်လည်း အမြန်ရေယာဉ်မှာ တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲဝန်းကျင် ဈေးပေါက်နေသည်။
“အခက်အခဲဖြစ်နေတဲ့အချိန် ရေကြောင်းက သွားနေရတာပဲကျေးဇူးတင်နေရတယ်။ ကုန်ပစ္စည်းတွေကတော့ ပုလောမှာပဲ သောင်တင်နေတယ်။ မပုပ်မသိုးမယ့်ဟာတွေပေါ့။ ရေလမ်းနဲ့မသယ်နိုင်ဘူး ဈေးကြီးတယ်”ဟု မြိတ်ဒေသခံတစ်ဦးက ပြောသည်။
အမြန်ရေယာဉ်ခနှုန်းထားက ဈေးကြီးသည်ဟုပြောဆိုကြသော်လည်း မဖြစ်မနေခရီးသွားရမည့်သူများက အမြန်ရေယာဉ်ကိုပင် အားထားသွားလာနေကြရသည်။
“Speed Boat က ဈေးကြီးတယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ ဦးရေပြည့်ရင်တော့ ဈေးလျော့ပေးလို့ရတယ်။ သတ်မှတ် ထားတဲ့ဦးရေထက် နည်းရင်တော့ ကျွန်တော်တို့ Speed Boat သမားတွေအတွက်မကိုက်ဘူးဗျာ။ ဒါကြောင့် တအားအရေးကြီးမှ သွားလာကြဖို့ ပြောချင်ပါတယ်။ ကားခနဲ့စာရင်တော့ဈေး မတရားကွာပါတယ်”ဟု မြိတ်-ပုလော ခရီးစဉ်အချို့ကိုစီစဉ်ပေးနေသည့် မြိတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ယခင်က မြိတ်-ပုလောခရီးစဉ်အတွက် ခရီးသည်တစ်ဦးကို ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ပြေးဆွဲနေရာကလက်ရှိတွင် ကျပ်ငါးသောင်း လျှော့ချကာ ပြေးဆွဲနေပြီး လိုက်ပါမည့် ခရီးသည်အရေအတွက် အပေါ်မူတည်ကာ ဈေးနူန်းအပြောင်းအလဲ အနည်းငယ်ရှိကြောင်း ၎င်းကရှင်းပြသည်။
ထိုသို့သွားလာရာတွင် စစ်အာဏာရှင်တပ်က အစစ်အဆေးတင်းကျပ်နေသည့်အတွက် မှတ်ပုံတင်နှင့် လိုအပ်သည့်ခရီးသွား အထောက်အထား အပြည်အစုံရှိမှသာ တင်ဆောင်ကြောင်း အမြန်ရေယာဉ် ခရီးစဉ် စီစဉ်ပေးနေသူ အချို့ထံမှ သိရသည်။







