ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းတွင် စစ်ရေးတင်းမာနေဆဲ အခြေအနေရှိသဖြင့် ပြည်သူများ သတိပြုသွားလာကြရန်လိုကြောင်း မွန်၊ကရင်၊ထားဝယ် တော်လှန်အင်အားစုများကဆိုသည်။
ဇူလိုင်လ ၃၀ ရက်နှင့် သြဂုတ်လ ၄ ရက်တို့က ယင်းလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာတွင် တော်လှန်အင်အားစုများနှင့် စစ်အာဏာရှင်တပ်တို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့သည်။
သြဂုတ်လ ၄ ရက်တွင် နတ်အိမ်တောင်ဒေသဘက်သို့ ဦးတည်လာသည့် အင်အား ၆၀ ခန့်ပါ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကော့လှိုင်ရွာအနီးတွင် တော်လှန်အင်အားစုများနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ကာ စစ်အာဏာရှင်တပ်သား လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု ဓာတ်ပုံမှတ်တမ်းများဖြင့် သက်ဆိုင်ရာ တော်လှန်တပ်များ က သတင်းထုတ်ပြန်သည်။
ယင်းတိုက်ပွဲ သည် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး တော်လှန်ရေးအင်အားစုဘက်ကလည်း နှစ်ဦးဒဏ်ရာရကာ အရပ်သားထိခိုက်မှုမရှိကြောင်း တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။
အဆိုပါထိတွေ့မှုဖြစ်စဥ်တွင် KNLA တပ်ရင်း ( ၂၇ )တပ်ဖွဲ့၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း KTLA၊ နည်းဗျူဟာ ( ၃၃ ) စစ်ဆင်ရေးတပ်ဖွဲဲ့၊ ဒေါနတပ်ရင်း-၂ (YGF)တပ်ဖွဲ့၊ ဒေါနတပ်ခွဲ-၄ (KBDF)၊ ရာမညတပ်တော်(NMSP/AD၊RMA)တပ်ဖွဲ့နှင့်မွန်ပြည်တော်လှန်ရေးတပ်(MSRF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တပ်ဖွဲ့အသီးသီးက သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သားများမှာ ကလိန်အောင် အခြေစိုက် ခလရ ၂၈၂ တပ်ရင်းဘက်သို့ ပြန်ဆုတ်ခွာသွားပြီဖြစ်သော်လည်း စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်သည့် ဒေါနစစ်ကြောင်း ၃ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။
“တိုက်ပွဲက မပြီးသေးပါဘူး။(စစ်အာဏာရှင် တပ်သားများ) ၂၈၂ တပ်ရင်းဖက်ကို ပြန်ဆုတ်သွားတာ။ ဒီနေ့လည်း အခြေနေ တင်းမာနေတုန်းပဲ။ တိုက်ပွဲကလည်း အချိန်မရွေးဆက်ဖြစ်နိုင်တာမို့လို့ မလိုအပ်ပဲ ခရီးမသွားဖို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။
ရေး – ထားဝယ်ကားလမ်းပိုင်းတွင်မူ ယနေ့ သြဂုတ်လ ၆ ရက်တွင် လမ်းပိတ်ဆို့ထားခြင်းမရှိသလို အသွားအလာပုံမှန်ရှိကြောင်း ယင်းလမ်းပိုင်းတွင်ဖြတ်သန်းသွားလာနေသည့် ကားသမားတစ်ဦးက ဆိုသည်။
“ကား အသွားအလာကတော့ပုံမှန်ရှိပါတယ်။ ဒါပေမဲ့ ကော့လှိုင်ရွာတစ်ရွာတော့ ရွာမှာလူမရှိဘူး။ ဘေးကရွာတွေမှာ လူနည်းနည်းပါးပါးရှိတယ်” ဟု ၎င်းကပြောဆိုသည်။
ဇူလိုင်လ နောက်ဆုံးအပတ် နှင့် သြဂုတ်လဆန်းတွင် ရေး-ထားဝယ်လမ်းပိုင်း၌ စစ်အာဏာရှင်တပ် နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး နှစ်ဘက်ထိခိုက်မှု၊ သေဆုံးမှုများလည်းရှိကြောင်း တော်လှန်အင်အားစုများ ထံမှသိရသည်။







