ပုလောမြို့နယ် ပလမြို့တွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က မြို့တွင်းပိတ်မိ နေသူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း မြို့ခံအချို့နှင့် မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပလမြို့တွင် ဇူလိုင် ၂၄ ရက်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားနေပြီး မြို့အတွင်းပိတ်မိနေသည့် မြို့ခံ ၆၀ ခန့်ကို စစ်အာဏာရှင်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးထားကြောင်း အဖမ်းခံရသူများ၏ မိသားစုဝင်အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
အဆိုပါမြို့ခံများကို သီးခြားဖမ်းဆီးထားခြင်းမဟုတ်ဘဲ နေထိုင်ရာနေအိမ်များမှ မသွားခိုင်းခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။
“မြို့ထဲကနေ တဖြည်းဖြည်းချင်းထွက်နေကြပေမယ့် တချို့သူတွေကို စစ်တပ်က ပေးမထွက်ဘဲ ဓားစာခံ လုပ်ထားတယ်။ မြို့ထဲမှာ ပြည်သူတွေကတော့ ၆၀ ဝန်းကျင်လောက်ရှိလောက်တယ်” ဟု ပလမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ပြည်သူများမှာ အိမ်စောင့်အဖြစ် စောင့်ကျန်ခဲ့ရာက ပိတ်မိနေကြခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ပလမြို့ပေါ်နေရာအချို့မှ ပြန်ဆုတ်ခွာချိန်စစ်အာဏာရှင်တပ်က အင်အား ၁၅၀ ခန့်ဖြင့် မြို့ပေါ်တွင်တပ်ဖြန့်ကာ မြို့ခံများကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။
ထို့အပြင် ပလမြို့ရဲစခန်းနှင့်ကပ်နေသည့် ရွှေမျက်မှန်ဘုန်းကြီးကျောင်းက ရဟန်းများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သေးကြောင်း မြို့ခံအချို့ထံမှ သိရသည်။
“ဘုန်းကြီးတွေကို စစ်တပ်က ဘုန်းကြီးကျောင်းကနေ ပေးမထွက်ဘူး။ တခြားသူတွေကိုလည်း ဘုန်းကြီးကျောင်းထဲမှာ စုပြီး ဖမ်းထားတယ်။ ဘုန်းကြီးရဲ့ဖုန်းတွေကိုလည်း အကုန်သိမ်းထားတယ်လို့ ပြောတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင်အဖမ်းခံထားရသည့် ရဟန်းအရေအတွက်နှင့် ပြန်လွတ် မလွတ်ကို မသိရသေးကြောင်း မြို့ခံများထံမှ သိရသည်။
ပလမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့မှစကာ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်နေကြောင်း မြို့ခံများက ပြောဆိုကြသည်။