ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းဆင့်ခေါ်စာပေးပို့မှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်း မြို့ခံများထံမှသိရသည်။
Dawei Watch မှ ရရှိထားသည့် အချက်အလက်များအရ ထားဝယ်မြို့ ဇရစ်ရပ်ကွက် ၊ ဒေါင်းငူရပ်ကွက်နှင့် တလိုင်းထိန်ရပ်ကွက်တို့တွင် ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လဆန်းပိုင်း အတွင်း စစ်မှုထမ်း ဆင့်ခေါ်စာ ပို့ခံရသူ လေးဦးထက်မနည်းရှိကြောင်း တွေ့ရသည်။
ယင်းတို့အနက် ဒေါင်းငူရပ်ကွက် အနောက်ပိုင်းမှ အမျိုးသားတစ်ဦးသည် စစ်မှုထမ်းစုဆောင်းခံရကြောင်းသိရပြီး ကျန်သုံးဦးမှာမူ နေအိမ်တွင်ရှိမနေသူနှင့် ထွက်ပြေးတိမ်းရှောင်သွားသူများ ဖြစ်ကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများထံမှသိရသည်။
ယင်းအရေးအတွက်မှာ Dawei Watch က ရရှိထားသည့် အချက်အလက်အရသာဖြစ်ပြီး အတည်မပြုနိုင်သေးသည့် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရမှုများလည်း ရှိနေသေးသည်။
” ဒေါင်းငူအနောက်ပိုင်းမှာ လကုန်ပိုင်း(ဇူလိုင်လ နောက်ဆုံးအပတ်)က စာ(စစ်မှုထမ်း ဆင့်ခေါ်စာ) ပို့ခံရတဲ့သူတစ်ယောက်က ရန်ကုန်ဘက်ရှောင်ဖို့သွားတာ အိမ်ရှေ့ပြင်ဂိတ် (စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်)မှာ စာရင်းနဲ့တကွ ပြန်မိသွားတယ်။ သပြေချောင်းတပ်(စကခ ၈) ထဲ တစ်ခါတည်းရောက်သွားတယ်။ အခုဖြစ်နေတာက စာပို့တာက သက်သက် ၊ ညဘက်ဝင်ဆွဲတာက သက်သက်ဖြစ်နေတယ် ” ဟု အဆိုပါဖြစ်စဥ်အားသိရှိသည့် ဒေါင်းငူရပ်ကွက်နေသူ အမျိုးသမီး တစ်ဦးက ပြောသည်။
ထားဝယ်မြို့ ၊ ဇရစ်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းတွင်လည်း မိသားစုအလိုက် အခြားနေရာသို့ ရွှေ့ပြောင်းသွားကြသည့် မိသားစုတစ်ခုမှ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး၏ အမည်ဖြင့် သြဂုတ်လ ၃ ရက်က စစ်မှုထမ်း ဆင့်ခေါ်စာ ရောက်ရှိလာကြောင်း စာပို့ခံရသည့် နေအိမ်အနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။
“စာ (စစ်မှုထမ်း ဆင့်ခေါ်စာ) က ရပ်ကွက်လူကြီးလာပေးခဲ့တာတော့မဟုတ်ဘူး။ လွတ်အိတ်လွယ်ထားတဲ့ အရပ်ဝတ်နဲ့ မျက်နှာစိမ်းတစ်ယောက်ပဲ လာပေးခဲ့တာ။ လာပေးတဲ့အိမ်က အခြားမြို့တစ်မြို့ကို အရင်လကတည်းက ပြောင်းသွားတယ်။ မိသားစုလိုက်မရှိလို့ အိမ်ပိတ်ထားတယ်။ အဲဒါ ကပ်ရက်အိမ်ကို ပေးပေးခဲ့တယ်” ဟု ၎င်းကပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့သည့်လုပ်ငန်းစဥ်ကို ထားဝယ်မြို့တွင် လစဥ် စဥ်ဆက်မပြတ်လုပ်ဆောင်နေပြီး စာပို့ခံရသူများတွင် တိုင်းတစ်ပါးရောက်နေသူများ၊ တက္ကသိုလ် ကျောင်းသားများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားရသူများလည်း ပါဝင်ကြောင်း ယင်းသို့ စာပို့ခံရသူများ(ကိုယ်တိုင်)နှင့် နီးစပ်သူများထံမှသိရသည်။
အများစုသည် ဆင့်ခေါ်စာပို့ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်သည်က များကြောင်း ၎င်းတို့ကဆိုသည်။
ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လဆန်းကစပြီး ဧည့်စာရင်း အကြောင်းပြ၍ ညဘက် နေအိမ်များတွင် ဝင်ရောက်စစ်ဆေးကာ စစ်သားစုဆောင်းခြင်းနှင့် လောင်းလုံးမြို့ဘက်မှ ထားဝယ်မြို့သို့ ဝင်သည့် ကမြောကင်း တံတားဂိတ်တွင် စစ်ဆေးဖမ်းဆီး၍ စစ်သားစုဆောင်းခြင်းများကိုလည်း လုပ်ဆောင်နေသည်။
တနင်္သာရီတိုင်းတွင် စစ်အာဏာရှင်တပ်က ပြီးခဲ့သည့် ဇူလိုင်လတွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၅ အထိ ဖွင့်လှစ်ထားခဲ့ပြီး သင်တန်းပေးနေသည်။
အပတ်စဥ် ၁၅ သင်တန်းကို ယခင်အပတ်စဥ်များနည်းတူ ပလောက်မြို့ ရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းတွင် မဖွင့်လှစ်ဘဲ မြိတ်မြို့နယ် စခန်းသစ်ကျွန်းရှိ အမှတ် ၅၇ ရေတပ်လေ့ကျင့်ရေးတပ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ ပြန်ကြားရေးက ထုတ်ပြန်ထားသော သတင်းသတင်းအရသိရသည်။