ထားဝယ်နှင့် မြိတ်ဒေသခံများ အပါအဝင် စစ်ကောင်တပ်ဖွဲ့ဝင်ငါးဦး လက်နက်အချို့ယူဆောင်ကာ ထွက်ပြေးလာပြီး KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း ၁၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာရှိ ရော်ဘာခြံတွင် တာဝန်ကျနေချိန် ဇူလိုင်လ ၅ ရက်တွင် ဘက်ပြောင်းခိုလှုံလာကြောင်း KNLA တပ်ရင်း ၁၁ မှ ရဲဘော်တစ်ဦးက ပြောသည်။
ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင်းရေးသင်တန်းကျောင်း (တိုင်းဗဟို) ၁၂ တွင် သင်တန်း တက်ရောက်ခဲ့ရသည့် ထားဝယ်ဒေသခံနှစ်ဦး၊ မြိတ်ဒေသခံတစ်ဦး၊ ရန်ကုန်ဒေသခံတစ်ဦး၊ မြဝတီ ဒေသခံတစ်ဦးတို့ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူအစုနဲ့ သူ ပြေးလာကြတယ်။ တစ်ရက်လုံးဆို ငါးယောက်ပေါ့။ လက်နက်ပါသူရှိသလို မပါတဲ့သူလည်းရှိတယ်” ဟု အထက်ပါရဲဘော်က ပြောဆိုသည်။
ဘက်ပြောင်းလာသူများမှာ စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၈ ကို တက်ရောက်ခဲ့သူများဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယင်းအနက် နှစ်ဦးသည် ထိုင်းနိုင်ငံ ရနောင်းမြို့မှ ပြန်ပို့ခံရသူများဖြစ်ပြီး ကျန်သုံးဦးမှာ ပေါ်တာဆွဲခံရသူများဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်ကောင်စီ၏ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းက ထားဝယ်ဒေသခံ အသက် ၂၃နှစ်အရွယ် စစ်ကောင်စီတပ်သားနှင့် အသက် ၃၂ နှစ်အရွယ် ရန်ကုန်ဒေသခံစစ်ကောင်စီတပ်သားတို့သည် MA-1 သေနတ် နှစ်လက်၊ ကျည်၁၉၈တောင့်နှင့်အတူ ဘက်ပြောင်းလာကြောင်း ရဲဘော်အခြားတစ်ဦးက ဆိုသည်။
ကျန်သည့်စစ်ကောင်စီတပ်သားသုံးဦးမှာ အမှတ်၁၀၃ ခြေလျင်တပ်ရင်းက တစ်ဦးနှင့် ၂၆၇ ခြေလျင်တပ်ရင်းက နှစ်ဦးဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်များဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
စစ်ကောင်စီ၏ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းမှာ မြိတ်တွင် အခြေစိုက်ထားပြီး ၂၆၇ တပ်ရင်းက ထားဝယ်အခြေစိုက်တပ် (ပင်လယ်ပြင်စိုးမိုးရေးတပ်) ဖြစ်ပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းများဖြစ်သည်။
“လက်နက်ပါတဲ့သူက နှစ်ယောက်၊ မပါသူက သုံးယောက်၊ ဝင်လာသူ ငါးယောက်လုံးကို ငွေသားချီးမြှင့်လိုက်ပြီးပြီ။ သေနတ်ပါသူက အရများတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ပထမပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား ခုနစ်ဦးအထိ ရှိလာပြီဖြစ်သည်။