ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ပယရွာတွင် နေထိုင်သည့် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် သွေးလွန်တုပ်ကွေးဖြင့် ဆေးကုသနေစဉ် သေဆုံးခဲ့ကြောင်း မိသားစုနှင့် ဒေသခံများထံမှသိရသည်။
အဆိုပါကလေးငယ်မှာ ဇွန်လ ၂၂ ရက်နေ့တွင် ကိုယ်ပူပြီး နေမကောင်းဖြစ်သဖြင့် ဇွန်လ ၂၃ ရက်နေ့မှစ၍ ကံပေါက်ဒေသရှိ မောရဝတီရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
မောရဝတီရေတပ်ဆေးရုံ၌ စမ်းသပ်စစ်ဆေးရာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဆေးကုသမှုခံယူနေရာမှ မသက်သာသဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် မောရဝတီရေတပ် ဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ လွဲပြောင်းကုသစေခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။
ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရင်း ဇူလိုင်လ ၅ ရက်နေ့တွင် အဆိုပါကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ကလေးက စဖြစ်ကတည်းက အဖျားကမကျဘူး။ မောရဝတီဆေးရုံမှာ ၈ ရက်ကြာတယ်။ သူတို့ ထားဝယ်ဆေးရုံကို လွဲပေးတဲ့အချိန်မှာ ကလေးကသတိမရတော့ဘူး။ ထားဝယ်(ဆေးရုံ)ရောက်တော့ ဦးနှောက်ထဲ ပိုးဝင်သွားတယ်လို့ပြောတယ်”ဟု အထက်ပါမိသားစုဝင်ကပြောသည်။
ယခုသေဆုံးသည့် ကလေးငယ်၏ မိသားစုဝင် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးမှာလည်း ပြီးခဲ့သည့် ဇွန်လပထမပတ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သည့် ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
သွေးလွန်တုပ်ကွေး ဖြစ်ပြီးသေဆုံးသွားသည့် ကလေးများမှာ အချိန်လွန်မှ ဆေးရုံကြီးသို့ ရောက်လာသဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ အချို့မှာ ပုဂ္ဂလိကဆေးရုံများတွင် အရင်ကုသကြပြီး မသက်သာမှသာ ဆေးရုံကြီးသို့ ရောက်လာသဖြင့် အချိန်လွန်သွားကြောင်း၊ ကလေးများဖျားပါက ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများထံတွင် စောစီးစွာ ကုသမှုခံယူသင့်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထားဝယ်တွင် ပြီးခဲ့သည့်လပိုင်းမှစတင်ကာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေပြီး ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊ တပ်ဆေးရုံများတွင် ဇူလိုင်လဆန်းအထိ သွေးလွန်တုပ်ကွေး လူနာများ မြင့်တက်နေဆဲဖြစ်ကြောင်း မြို့ခံများကပြောသည်။
ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ကျေးရွာအချို့တွင်လည်း ပြီးခဲ့သည်ဧပြီလမှစ၍ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်တွင် မေလ မှ ဇူလိုင်လဆန်းအထိ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသည့် ကလေးမှာ ၈ ဦးအထိရှိလာပြီဖြစ်သည်။