BREAKING
October 18, 2025

ငါးဖမ်းလှေများကို အခွန်ကောက်ရန် ညွှန်ကြားထားခြင်းမရှိဟု KNU တုံ့ပြန်

July 6, 2025

ပင်လယ်ထွက် ငါးဖမ်းသည့်လှေများကို အခွန်ကောက်ခံရန် ကရင်အမျိုးသားအစည်းအရုံး-KNU တွင် တိကျသည့် မူဝါဒ မရှိသေးသလို အခွန်ကောက်ရန် ညွှန်ကြားထားခြင်းလည်း မရှိသေးကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ KNU တပ်မဟာ (၄) ထိန်းချုပ်ဒေသအချို့တွင် ဝါလတ်၊ ဝါတန်းကဲ့သို့သော အကြီးစား လှေများအပါအဝင် ထားဝယ်မြစ်ထဲတွင်း ငါးဖမ်းသည့် လှေငယ်များကိုပါ လက်နက်ကိုင်အဖွဲ့အချို့က ငွေကြေးကောက်ယူမှု ပတ်သက်၍ Dawei Watch က မေးမြန်းမှုအပေါ် ၎င်းက ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုထားခြင်းသည်။

“KNUမှာ အခွန်ကောက်စနစ် သေသေချာချာရှိသော်လည်းပဲ ပင်လယ်ထွက်တဲ့ ငါးဖမ်းလှေနဲ့ ပတ်သက်ပြီး တိကျတဲ့ အခွန်ကောက်တာမျိုးတော့ မရှိသေးပါဘူး။ ဘာညွန်ကြားချက်မှလည်း မထုတ်ပြန်သေးပါဘူး။ KNU မွေးမြူရေးနဲ့ ငါးဖမ်းလုပ်ငန်းဌာနရှိသော်လည်းပဲ မူဝါဒရေးရာရေးဆွဲဆဲလို့တော့ ပြောလို့ရပါတယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။

အခွန်ကောက်ရန် မူဝါဒကို ရေးဆွဲပြီး ဗဟိုအဆင့် အလုပ်အမှုဆောင်ကော်မတီက အတည်ပြုပြီးသာလျှင် အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သရက်ချောင်းမြို့နယ်က ကျေးရွာအချို့တွင် ငါးဖမ်းလှေများကို လက်နက်ကိုင်အဖွဲ့အချို့က ငွေကြေးတောင်းခံသဖြင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအခက်အခဲ ကြုံတွေ့နေရသည့် အခြေအနေကို Dawei Watch က ဇူလိုင်လ ၂ရက်တွင် သတင်းဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ်က KNU တပ်မဟာ (၄) မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနသည် ၎င်းတို့ထိန်းချုပ်ဒေသရှိ လှေသမားများကို တစ်နှစ် သက်တမ်းရှိ ငါးဖမ်းလုပ်ငန်းထောက်ခံချက်များ ထုတ်ပေးထားသည့် စာရွက်စာတမ်းတစ်ခုကိုလည်း Dawei Watch က ရရှိထားသည်။

လက်ရှိစစ်ရေးပဋိပက္ခကာလတွင် အောက်ခြေလက်နက်ကိုင်အဖွဲ့တိုင်းနီးပါး တော်လှန်ရေးလိုအပ်ချက်ကြောင့် ပြည်သူထံမှ ငွေကြေးတောင်းခံမှုများ ရှိနေသည်ကိုကြားသိရကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။

KNU အနေဖြင့် လက်ရှိကာလတွင် ပြည်သူလူထုအခက်အခဲဖြစ်စေမည့်ကိစ္စများကို ဆောင်ရွက်လိုခြင်းမရှိကြောင်း၊ KNU က ငွေကြေးတောင်းခံမှုများရှိလျှင်လည်း တိတိကျကျတိုင်ကြားလာလျှင် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ငွေကြေးတောင်းခံတာမျိုးတွေရှိခဲ့ရင် ဘယ်အဖွဲ့၊ ဘယ်နေရာ၊ ဘယ်လက်နက်ကိုင်တပ်ကဆိုပြီး တိတိကျကျ စာရင်းပေး ဖို့ရယ်၊ တောင်းသူကိုလည်း အဖွဲ့အစည်းက တကယ်ဟုတ်မှန်တယ်ဆိုရင် စာနဲ့ပေနဲ့ ဖြစ်ဖို့ တောင်းဆိုပါလို့ အကြံပြုချင် ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ဘက်က ဆက်လက်စိစစ်ပေးလို့ ရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အချို့နေရာများတွင် KNU/KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့ အမည် အသုံးချမှုများရှိကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။

ဒေသခံများသည် ငါးဖမ်းထွက်ခွင့်ရရန် လက်နက်ကိုင်တပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်ကိုလည်း ငွေကြေးပေးရသဖြင့် ပိုမိုခက်ခဲကြောင်း ဒေသခံများက ဆိုသည်။