BREAKING
October 18, 2025

ကြိုးတန်းပေါ်က နန်းဆက်

July 6, 2025

ကမ္ဘာပေါ်က ဝင်ငွေအလယ်အလတ်အဆင့်တိုင်းပြည်တွေထဲမှာ စစ်အာဏာသိမ်းမှုတွေ ပုံမှန်ဖြစ်နေတဲ့ တစ်ခုတည်းသော တိုင်းပြည်ဟာ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေးလောကကို လူတစ်ယောက်နဲ့ သူ့မိသားစုရဲ့ နာမည်က ၂၅ နှစ်ကြာ လွှမ်းမိုးလာခဲ့ပါတယ်။

သက်ဆင်နဲ့ သူ့ရဲ့ ရှင်နာဝပ်မိသားစုပါပဲ။

လက်ရှိဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ ရှင်နာဝပ်မိသားစုဝင် ထိုင်းဝန်ကြီးချုပ် တစ်ယောက်ဟာ နောက်တစ်ကြိမ် အာဏာလက်လွှတ်ရမယ့် အနေအထားမျိုး ရောက်လာခဲ့ပါတယ်။

မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ရှင်နာဝပ်နန်းဆက်ရဲ့ နေဝင်ချိန် စနေပြီလား။

ကြိုးတန်းပေါ်က နန်းဆက်

ဇူလိုင်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။

လက်ရှိဖိအားပေါင်းစုံအောက်မှာ အာဏာဆက်မြဲဖို့ ရုန်းကန်နေရတဲ့ ပေထုန်တန်ရဲ့ အစိုးရအတွက် ဧရာမထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ပေထုန်တန်တို့အကြားက အငြင်းပွားနယ်စပ်အရေး ဖုန်းပြောဆိုမှုအသံဖိုင် ပေါက်ကြားလာခဲ့ပြီးနောက်မှာ ပေထုန်တန်ကို ကျင့်ဝတ်စံနှုန်းချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ အထက်လွှတ်တော်အမတ် ၃၆ ယောက်က တောင်းဆိုခဲ့ပါတယ်။

အဲဒီတောင်းဆိုချက်ကို အခြေခံဥပဒေခုံရုံးက လက်ခံခဲ့ပြီး ပေထုန်တန်ကို စုံစမ်းစစ်ဆေးအရေးယူဖို့အတွက် ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပေထုန်တန်က ထိုင်းအစိုးရအဖွဲ့ထဲမှာ ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူထားပါတယ်။ ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ပေထုန်တန်က ဇူလိုင်လ ၁ ရက်နေ့မှာပဲ ပြောခဲ့ပါတယ်။

ပေထုန်တန်အနေနဲ့ ၁၅ ရက်အတွင်း တရားရုံးမှာ စတင်ခုခံချေပရမှာ ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ချက်ထွက်ပေါ်လာရင် ပေထုန်တန်အနေနဲ့ ဝန်ကြီးချုပ်ရာထူးကနေ ရာသက်ပန် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

ပေါက်ကြားလာခဲ့တဲ့ ဖုန်းပြောဆိုမှုအသံဖိုင်ထဲမှာ ပေထုန်တန်က ဟွန်ဆန်ကို “ဦးလေး”လို့ ခေါ်ဝေါ်ခဲ့ပြီး ထိုင်းစစ်တပ်အဆင့်မြင့်အရာရှိတစ်ဦးကို ဝေဖန်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဩဇာအာဏာအင်မတန်ကြီးမားတဲ့ ထိုင်းနိုင်ငံမှာ ပေထုန်တန်အဖို့ မကျော်သင့်တဲ့ စည်းကို ကျော်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ သူမ ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး ပေထုန်တန်က ပြန်တောင်းပန်ခဲ့ပါတယ်။ သူမ ပြောခဲ့တာတွေဟာ ဟွန်ဆန်နဲ့ ဆွေးနွေးညှိနှိုင်းတဲ့ နည်းဗျူဟာတစ်ခုသာ ဖြစ်တယ်လို့ ပေထုန်တန်က ဆိုပါတယ်။

“ပေါက်ကြားလာခဲ့တဲ့ ဖုန်းပြောဆိုမှုအသံဖိုင်ထဲမှာ ကျွန်မ ပြောခဲ့တာတွေရဲ့ တကယ့်ရည်ရွယ်ချက်အစစ်အမှန်က ကျွန်မတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ၊ ကျွန်မတို့စစ်သားတွေအားလုံးရဲ့ အသက်ကို ကယ်တင်ဖို့ပဲ ဖြစ်တယ်ဆိုတာ ကျွန်မဘက်က ရာနှုန်းပြည့် သေချာပါတယ်”

ဖုန်းပြောဆိုမှုအသံဖိုင်ပေါက်ကြားလာခဲ့ပြီးနောက်မှာ ပေထုန်တန်ကို ထိုင်းလူထုရဲ့ ဆန့်ကျင်မှု ကြီးထွားလာခဲ့ပါတယ်။ ပေထုန်တန် ရာထူးကနေ နုတ်ထွက်ဖို့ ဆန္ဒပြတောင်းဆိုသံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အသံဖိုင်ပေါက်ကြားလာပြီးနောက် ပေထုန်တန်ရဲ့ ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရကနေ အဓိကမဟာမိတ်အင်အားကြီးပါတီတစ်ခုလည်း နုတ်ထွက်သွားခဲ့ပါတယ်။

ဒါကြောင့် လွှတ်တော်ထဲမှာ ပေထုန်တန်အစိုးရရဲ့ အသာစီးရမှုက အခုတော့ အန္တရာယ်ရှိ အနေအထားအထိ ကျဆင်းသွားခဲ့ပါတယ်။ လွှတ်တော်ထဲမှာလည်း ပေထုန်တန်ကို အယုံအကြည်မရှိအဆို တင်သွင်းလာနိုင်ခြေ ရှိနေပါတယ်။ ဂျပန်နိုင်ငံ ၊ ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနက ပါမောက္ခပါဗင်ချာချာဗယ်လ်ပွန်ပန်ကတော့ အခုလို ပြောပါတယ်။

“ပေထုန်တန်ဟာ တနည်းနည်းနဲ့ ဖယ်ရှားခံရလိမ့်မယ်။ သူတို့မှာ ရှင်နာဝပ်နန်းဆက်ကနေ နောက်ထပ်ရှေ့ထွက်လာမယ့်သူ မရှိတော့ဘူး”

ဝန်ကြီးချုပ်ဖြစ်လာတာ ၁ နှစ်မပြည့်ခင်မှာ ပေထုန်တန် ရင်ဆိုင်လာရတဲ့ နိုင်ငံရေးအကျပ်အတည်းက မီးမောင်းထိုးပြလိုက်တာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံရေးလောကကို ဆယ်စုနှစ်ချီ လွှမ်းမိုးလာခဲ့တဲ့ အာဏာလွန်ဆွဲပွဲ ဖြစ်ပါတယ်။

ပေထုန်တန် ဆင်းသက်လာခဲ့တဲ့ ဘီလျံနာသူဌေး ရှင်နာဝပ်မိသားစုနန်းဆက်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြုပြီး ဘုရင်စနစ်ကို ထောက်ခံတဲ့ အီလစ်တွေအကြားက အာဏာလွန်ဆွဲပွဲပဲ ဖြစ်ပါတယ်။ ဒီအာဏာလွန်ဆွဲပွဲတစ်လျှောက်မှာ စစ်အာဏာသိမ်းမှုနှစ်ခု ပေါ်ပေါက်ခဲ့ပြီး ပေထုန်တန်ရဲ့ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်နဲ့ အဒေါ်ဖြစ်သူ ယင်လပ်ရှင်နာဝပ်တို့နှစ်ယောက်စလုံး ဝန်ကြီးချုပ်နေရာကနေ ဖြုတ်ချခံခဲ့ရဖူးပါတယ်။

ရှင်နာဝပ်နန်းဆက်ရဲ့ အကျပ်အတည်း

ပေထုန်တန် လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းဟာ ဘီလျံနာ ရှင်နာဝပ်မိသားစုရဲ့ ဖြူထိုင်းပါတီ ဩဇာကျဆင်းလာမှုကိုလည်း ထင်ရှားစေပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက ထိုင်းရွေးကောက်ပွဲတွေမှာ လွှမ်းမိုးလာခဲ့တဲ့ ရှင်နာဝပ်မိသားစုဟာ စစ်အာဏာသိမ်းမှုနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကြောင့် အာဏာလက်လွှတ်ခဲ့ရတာတွေ ကြုံခဲ့ရပြီးသား ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ပေထုန်တန်ဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ သူမအရင်က ဝန်ကြီးချုပ်လုပ်သူ ဆေထာထဝီဆင်ကို အခြေခံဥပဒေခုံရုံးကနေ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ဖြုတ်ချလိုက်ပြီးနောက်မှာ ပေထုန်တန်က ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။

ယခင်က နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ဝန်ကြီးချုပ်ပေထုန်တန်ရဲ့ နိုင်ငံရေးတာထွက်ခရီးဟာ ကြမ်းတမ်းခက်ခဲတယ်လို့ ဆိုနိုင်ပါတယ်။ ပေထုန်တန်အစိုးရဟာ အားနည်းနေတဲ့ ထိုင်းစီးပွားရေးကို ကုစားဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဝန်ကြီးချုပ်ပေထုန်တန်အပေါ် လူထုထောက်ခံမှုကတည်း ကျဆင်းလာနေခဲ့ပါတယ်။ ဇွန်လအတွင်း အကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုရဲ့ အဆိုအရ ပေထုန်တန်အပေါ် လူထုထောက်ခံမှုဟာ ၉ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

ပေထုန်တန်အစိုးရကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဖခင်သက်ဆင်ကိုယ်တိုင်သည်လည်းပဲ ပြဿနာတွေနဲ့ လုံးပန်းနေရပါတယ်။ သက်ဆင်ဟာ ဇွန်လထဲမှာပဲ တရားရုံးနှစ်ခုမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အငြင်းပွားဖွယ် နိုင်ငံရေးသမားတစ်ယောက်လို့ ယူဆခံရတဲ့ သက်ဆင်ဟာ ဇွန်လ ၁ ရက်နေ့က ဘန်ကောက်မြို့ ရာဇဝတ်တရားရုံးမှာ အမှုစတင်ရင်ဆိုင်ခဲ့ပါတယ်။

ထိုင်းဘုရင်စနစ်ကို ဝေဖန်လို့ မရအောင် ကာကွယ်ထားတဲ့ ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြည်ပြေးဘဝနဲ့ နေထိုင်စဉ် ၂၀၁၅ ခုနှစ်မှာ တောင်ကိုရီးယားမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ သက်ဆင် ပြောခဲ့တဲ့စကားတွေနဲ့ ဆက်စပ်ပြီး စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ ဒီအမှုမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင် သူ့အနေနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို သက်ဆင်က ငြင်းဆန်ပြီး သူ့အနေနဲ့ ဘုရင်စနစ်ကို သစ္စာခံကြောင်း ထပ်တလဲလဲ ပြောဆိုထားပါတယ်။

ပြည်ပြေးဘဝနဲ့ ၁၅ နှစ်ကြာ နေထိုင်ပြီးနောက် ၂၀၂၃ ခုနှစ်မှာ သက်ဆင်ဟာ ထိုင်းပြည်တွင်းကို ပြန်ဝင်လာခဲ့ပါတယ်။ ပြည်တွင်းပြန်ဝင်လာချိန်မှာ ထောင်ထဲမှာ ၂၄ နာရီပြည့်အောင်တောင် မနေလိုက်ရဘဲ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဆေးရုံတစ်ခုမှာ ၆ လကြာ ထိန်းသိမ်းခံထားခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်မှာ သက်ဆင်ဟာ အထိန်းသိမ်းခံဘဝကနေ လွတ်လာခဲ့ပါတယ်။ အခုနှစ် ဇွန်လထဲမှာ ထိုင်းနိုင်ငံရဲ့ ထိပ်သီးတရားရုံးက သက်ဆင်ကို သူ့ရဲ့ ဆေးရုံးအထိန်းသိမ်းခံဘဝကာလကို ပြန်လည်စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပြီး သက်ဆင်အဖို့ ထောင်ဒဏ်ကျခံရနိုင်ခြေ ရှိနေပါတယ်။

“ရှင်နာဝပ်ထရာမိသားစုရဲ့ နာမည်မသေသေးရင်တောင်မှ သူတို့မိသားစုရဲ့ ဩဇာက အခုချိန်ကစပြီး အများကြီးပိုအားနည်းသွားတော့မှာပါ” လို့ ပါမောက္ခပါဗင်ချာချာဗယ်လ်ပွန်ပန်က ဆိုပါတယ်။

ရှင်နာဝပ်မိသားစုကို သူတို့ရဲ့ လက်ရှိရန်သူတော် တစ်ချိန်က မိတ်ဆွေဟောင်း ဟွန်ဆန်ကလည်း ဒုက္ခဆက်ပေးနိုင်ကိန်း ရှိနေပါတယ်။ ထိုင်းဘုရင်စနစ်ကို စော်ကားပြောဆိုမှုတွေ အပါအဝင် သက်ဆင် သူ့ကို ပြောဖူးတဲ့စကားတွေကို ဖွင့်ချမယ်လို့ ဟွန်ဆန်က ခြိမ်းခြောက်ထားတာ ရှိပါတယ်။ သက်ဆင်က ဟွန်ဆန်ကို ပြောခဲ့တဲ့အကြောင်းအရာ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဟွန်ဆန်ကတော့ သက်ဆင်ကို အခုလို ခြိမ်းခြောက်ထားပါတယ်။

“ခင်ဗျားဘက်က ဆက်ပြီး မောက်မာနေမယ်ဆိုရင် ခင်ဗျား ကျုပ်ကို ပြောထားတာအားလုံး ကျုပ် ဖွင့်ချမယ်”

နန်းဆက်တစ်ခုရဲ့ နေဝင်ချိန်

ပေထုန်တန်နဲ့ သူမရဲ့ ဖခင်ဖြစ်သူ သက်ဆင်တို့ လက်ရှိရင်ဆိုင်နေရတဲ့ အမှုတွေဟာ ထိုင်းနိုင်ငံရေးအပေါ် လွှမ်းမိုးမှုကြီးမားတဲ့ ရှင်နာဝပ်မိသားစုနန်းဆက်ရဲ့ ဇာတ်သိမ်းခန်းကို အချက်ပြနေပါတယ်။ ရှင်နာဝပ်မိသားစုရဲ့ နိုင်ငံရေးဩဇာဟာ မကြာသေးခင်နှစ်တွေအတွင်း ကျဆင်းလာနေခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရာထူးကနေ ရပ်နားခံထားရတဲ့ ပေထုန်တန်ဟာ သူ့အဖေ သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လပ်တို့လိုမျိုး ထိုင်းလူထုရဲ့ ထောက်ခံမှုကို မဖမ်းဆုပ်နိုင်ခဲ့ပါဘူး။ လက်ရှိဖြူထိုင်းပါတီရဲ့ မူဝါဒတွေကလည်း အတိတ်ကလို ထိုင်းပြည်သူတွေကို ဆွဲဆောင်နိုင်စွမ်း လျော့ကျလာပါတယ်။

Move Forward ပါတီလိုမျိုး ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ပါတီတွေ ပေါ်ထွက်လာတာကလည်း ထိုင်းပြည်သူလူထုမှာ အခြားရွေးချယ်စရာတွေ ရှိနေပြီဆိုတာကို အချက်ပြနေတယ်လို့ ထိုင်းနိုင်ငံ ၊ Ubon Ratchathani University ရဲ့ နိုင်ငံရေးသိပ္ပံကထိကတစ်တီပေါလ်ဖတ်ခ်ဒီးဝါနစ်က ဆိုပါတယ်။ Move Forward ပါတီဟာ ပြီးခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်နဲ့ ပါတီဖျက်သိမ်းခံလိုက်ရပြီး နောက်ပိုင်းမှာ People’s Party အဖြစ်နဲ့ ပြန်လည်စုဖွဲ့ခဲ့ပါတယ်။

ရှင်နာဝပ်မိသားစုကိုယ်တိုင်က သူတို့ဟာ ထိုင်းလူထုရဲ့ နှလုံးသားကို ဖမ်းစားနိုင်ဆဲလို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြောင်း မစ္စတာတစ်တီပေါလ်က ပြောပါတယ်။ ရှင်နာဝပ်မိသားစုအနေနဲ့ သူတို့ကိုယ်သူတို့ အပြစ်တင်တာကလွဲလို့ အခြားဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူးလို့ သူက ဆိုပါတယ်။

ပါမောက္ခပါဗင်ချာချာဗယ်လ်ပွန်ပန်ကတော့ အခုလိုပဲ မှတ်ချက်ချခဲ့ပါတယ်။

“ရှင်နာဝပ်မိသားစုထဲကနေ နောက်ထပ်တစ်ယောက် ရှေ့ထွက်လာရင်တောင်မှ ထိုင်းပြည်သူတွေကတော့ သူတို့ကို စိတ်ကုန်သွားပြီ”

Ref: The Guardian, Council on Foreign Relations, CNA, Bloomberg

ဈာန်ဟိန်း