ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်း ရပ်နားထားရပြီးနောက် ဆေးခန်းတွင် နာတာရှည်ရောဂါ ကုသနေသည့် လူနာများ ဆေးဝါးဆက်လက်ကုသရန် အခက်အခဲကြုံနေကြောင်း လူနာများထံမှ သိရသည်။
မေတ္တာရိပ်ဆေးခန်းသည် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ၏ ဆေးဝါးထောက်ပံ့မှုများဖြင့် လည်ပတ်နေပြီး ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်အတွင်း ထားဝယ်မြို့ရှိ MSF ရုံးက တာ၀န်ရှိသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် ဆေးခန်းရပ်နားထားရသည်။
“ဆေးခန်းပိတ်ထားတော့ (ပြင်ပမှာ) အထွေထွေသမားတော်တွေနဲ့ ကုသနေရတယ်။ ကုသမှုစရိတ်က စျေးကြီးသလို ဆေးဝါးဝယ်ယူစရိတ်ကလည်း စျေးကြီးတယ်။ အရင်ကဆို သွေးတိုးကျဆေး တစ်လုံးမှ ၃၀၀ ကျပ်လောက်သာ ပေးရတယ်။ အခုကျတော့ ထောင်ကျော်လာတယ်။ ဆေးကောင်တာမှာ ကျသင့်ငွေရှင်းလိုက်ရင် အများကြီးပေးရတယ်” ဟု မေတ္တာရိပ်ဆေးခန်းတွင် ၂ နှစ်ကြာ ဆေးကုသခဲ့သည့် ဆီးချိုရောဂါခံစားနေရသည့် လူနာရှင်တစ်ဦးက ပြောသည်။
မေတ္တာရိပ်ဆေးခန်းတွင် ဆေးကုသမှု ခံယူစဥ်က ဆေးဝါးများနှင့် ကုသစရိတ် အခမဲ့ဖြစ်သည့်အတွက် ငွေကြေး မတတ်နိုင်သည့် လူနာများအတွက် အထောက်အကူဖြစ်ကြောင်း ၎င်းက ဆိုသည်။
မေတ္တာရိပ်ဆေးခန်း ရပ်နားထားရပြီးနောက်တွင် ငွေကြေးမပြည်စုံသည့် ထား၀ယ်ဒေသခံများနှင့် အခြားဒေသ၊ ကျေးရွာများမှ လာရောက် ဆေးကုသမှုခံယူသည့် လူနာများအတွက် ပိုပြီးအခက်အခဲကြုံနေရကြောင်း အခြားဒေသမှ ဆွေးမျိုးများ ဆေးလာကုလေ့ရှိသည့် ထား၀ယ်ဒေသခံတစ်ဦးကပြောဆိုသည်။
အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းများ မြင့်တက်လာသည့်အတွက် လက်လုပ်လက်စားများမှာ ဆေးကုရန်ပင် မတတ်နိုင်တော့သည့်အတွက် မေတ္တာရိပ်ဆေးခန်းကိုသာ မှီခိုနေရကြောင်း ထား၀ယ်မြို့အနီးက ကျေးရွာတစ်ခုကနေ မေတ္တာရိပ်ဆေးခန်းသို့ ဆီးချိုဝေဒနာ လာရောက်ကုသမှုခံယူနေသည့် လူနာတစ်ဦး၏ မိသားစု၀င်တစ်ဦးက ဆိုသည်။
“အခုက တစ်အိမ်လုံး လုပ်နေတာတောင် စားဖို့အနိုင်နိုင်ရုန်းနေရတော့ ကျန်းမာရေးအတွက် ငွေပိုငွေလျှံ မရှိဘူး။ အပြင်ဆေးခန်းတွေမှာပြဖို့ ငွေကြေးမလုံလောက်တဲ့အတွက် အခက်အခဲ ပိုဖြစ်စေပါတယ်” ဟု ၎င်းက ပြောသည်။
ငွေကြေးမပြည့်စုံသည့် လူနာရှင်အချို့မှာ ဆက်လက်ကုသမှု မလုပ်နိုင်သည့်အတွက် တိုင်းရင်းဆေးဝါး ဝယ်ယူသောက်သုံးကြခြင်း၊ ဆေးမြီးတိုများဖြင့် ကုသခြင်းဖြင့် ဖြေရှင်းနေကြရကြောင်း ဆိုသည်။
“ကျန်းမာရေး မကောင်းတော့ အလုပ်လည်း မလုပ်နိုင်ဘူး။ စိတ်ဓာတ်တွေကျမိပါတယ်။ ဆေးခန်းပြန်ဖွင့်ဖို့လည်း ဆုတောင်းနေရတယ်” ဟု မေတ္တာရိပ်ဆေးခန်းတွင် ဆေးကုသခဲ့သည့် ထိန်သစ်ရပ်ကွက်အတွင်း နေထိုင်သူဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
ယခုလက်ရှိ ထားဝယ်တွင် သာမန်ဖျားနာသူများ ကျန်းမာရေးအတွက် ပြင်ပဆေးခန်းများတွင် ပြသပါက တစ်ကြိမ်ကို ဆေးကုသစရိတ် ငွေကျပ် တစ်သောင်းနှင့်အထက် ကျသင့်နေပြီး နာတာရှည်ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် ရောဂါများအတွက် ဆေးအမျိုးအစားလိုက်အပေါ်မူတည်ပြီး တစ်လလျှင် ကျပ်သုံးသိန်းမှ ခြောက်သိန်းဝန်ကျင်အထိ ကုန်ကျကြောင်း စုံစမ်းသိရသည်။