BREAKING
October 20, 2025

သမ္မတထရမ့်နှင့် ဆက်ဆံရေးတင်းမာနေသည့် အီလွန်မတ်က နိုင်ငံရေးပါတီသစ်တည်ထောင်

July 6, 2025

‘အမေရိကပါတီ’(America Party)ဟု အမည်ပေးထားသည့် ပါတီသစ်တစ်ခုကို တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း ဘီလျံနာသူဌေး အီလွန်မတ်က ဇွန်လ ၅ ရက်နေ့တွင် ကြေညာလိုက်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ၎င်းတို့အကြား လူသိရှင်ကြား အချေအတင်ဖြစ်ခဲ့ပြီးနောက် ရက်သတ္တပတ်အတန်ကြာတွင် အီလွန်မတ်က X လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

၎င်းတည်ထောင်ထားသည့် အမေရိကပါတီ (America Party) သည် ရီပတ်ဘလင်ကန်နှင့် ဒီမိုကရက်တစ်ပါတီတို့၏ နှစ်ပါတီစနစ်ကို စိန်ခေါ်ရန် ရည်ရွယ်ကြောင်း အီလွန်မတ်က ဆိုသည်။

သို့သော် အဆိုပါ ပါတီသစ်ကို အမေရိကန်ရွေးကောက်ပွဲအာဏာပိုင်များထံ တရားဝင်မှတ်ပုံတင်ထားခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပါတီကို မည်သူက ဦးဆောင်၍ မည်သည့်ပုံစံဖြင့် လည်ပတ်မည်ဆိုသည်နှင့် ပတ်သက်၍ အီလွန်မတ်က အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ပါတီသစ်တစ်ခု တည်ထောင်မည့် စိတ်ကူးကို အီလွန်မတ်က သမ္မတထရမ့်နှင့် လူသိရှင်ကြား အကွဲအပြဲဖြစ်နေစဉ်ကာလအတွင်း ပထမဆုံး စတင်ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ယင်းကာလအတွင်း အီလွန်မတ်သည် အစိုးရစွမ်းဆောင်ရည်ဌာန(DOGE) မှ နုတ်ထွက်ခဲ့ပြီး ၎င်း၏ မဟာမိတ်ဟောင်းဖြစ်သူ သမ္မတထရမ့်နှင့် အကြီးအကျယ် အငြင်းအခုန် ဖြစ်ခဲ့သည်။

ယင်းသို့ အငြင်းအခုန်ဖြစ်နေစဉ်အတွင်း အီလွန်မတ်က အမေရိကန်ပြည်ထောင်စုတွင် ပါတီသစ်တစ်ခုရှိသင့်မသင့် သဘောထားစစ်တမ်းတစ်ခုကို X လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကောက်ယူခဲ့သည်။

အဆိုပါ စစ်တမ်းကို ရည်ညွှန်း၍ အီလွန်မတ်က “ခင်ဗျားတို့ထဲမှာ ပါတီသစ်တစ်ခုလိုချင်သူက ၂ ဆလောက် ရှိတယ်။ ခင်ဗျားတို့ ပါတီသစ်တစ်ခု ရစေရမယ်”ဟု စနေနေ့က X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

“ဘတ်ဂျက်အလေအလွင့်တွေ အကျင့်ပျက်ခြစားမှုတွေနဲ့ တိုင်းပြည်ကို ဒေဝါလီခံရအောင် လုပ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ တစ်ပါတီစနစ်ထဲမှာ နေနေရတယ်။ ဒီမိုကရေစီစနစ်နဲ့ နေနေရတာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

“ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ကို ခင်ဗျားတို့ဆီ ပြန်ပေးဖို့အတွက် ဒီနေ့မှာ အမေရိကပါတီကို တည်ထောင်လိုက်ပါပြီ” ဟု အီလွန်မတ်က ဆိုသည်။

အဆိုပါ ပါတီသစ်ကို တရားဝင်မှတ်ပုံတင်ထားကြောင်း ဖော်ပြနိုင်သည့် စာရွက်စာတမ်းများကို အမေရိကန်နိုင်ငံ ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်က လက်ရှိအချိန်အထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Source: BBC