BREAKING
June 9, 2025

လောင်းလုံးတွင် လျှပ်စစ်မီးရက်ရှည်ပြတ်နေသဖြင့် ‌ကျောင်းသူကျောင်းသားများနှင့် ဒေသခံများ အခက်ကြုံ

June 6, 2025

လောင်းလုံးမြို့နယ်တွင် လျှပ်စစ်မီးရက်ရှည်ပြတ်နေသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံများ အခက်ကြုံနေကြရကြောင်း ကျောင်းသားမိဘများနှင့် ဒေသခံများထံမှ သိရသည်။

မေလ ၃၀ရက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် လောင်းလုံးမြို့ နယ်ရှိ ကျေးရွာ ၃၀ နီးပါးသည် လျှစ်စစ်မီး လုံးဝမရရှိ‌တော့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျောင်းဖွင့်ချိန်ဖြစ်ရာ လျှပ်စစ်မီးမရသဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာကျက်ရန် အခက်အခဲရှိကြောင်း လောင်းလုံးဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“လျှစ်စစ်နဲ့ နေတာကြာလာတော့ ဖယောင်းတိုင်မီးရောင်က လင်းကိုမလင်းတော့ သလိုခံစားရတယ်။ ကျောင်းဖွင့်ချိန် ဆိုတော့ အခု ကလေးတွေက ဖယောင်းတိုင်မီးအလင်းအားနဲ့ စာကြည့်ဖို့ လုံးဝအဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အဝီစိတွင်းတူးထားသည့် လောင်းလုံး ဒေသခံများမှာလည်း လျှစ်စစ်မီးမရသည့်အတွက်ကြောင့် ရေတင်ရန် အခက်အခဲရှိနေပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ထမင်းဟင်းချက်ရန် အခက်အခဲကြုံနေကြရကြောင်း လောင်းလုံးဒေသခံ အချို့က ပြောဆိုသည်။

“အိမ်သာတက်ဖို့တောင် ရေမရှိဘူး။ သူများအိမ်မှာ ခွင့်တောင်းပြီးတက်ရတာနဲ့ တော်တော်အဆင်မပြေဖြစ်ရတယ်” ဟု လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ဖုန်းအား ငွေကြေးပေး၍ သွင်းနေရခြင်း၊ မီးစက်နှိုးရန် စက်သုံးဆီဝယ်ယူရခြင်းများကြောင့် ဒေသခံများမှာ လည်း ပုံမှန်ထက် အသုံးစရိတ်အကုန်အကျ ပိုများလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လောင်းလုံးတွင် ပြီးခဲ့သည့် မေလ ၃၀ရက်နှင့် ၃၁ရက်တွင် လောင်းလုံးမြို့နှင့် အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် လောင်းလုံးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအနီးရှိ စစ်ကောင်စီတပ်စခန်းလည်း တိုက်ခိုက်ခံရသည့်အတွက် လျှပ်စစ်ဝန်ထမ်းများ ထွက်ပြေးသွားရာ မေလ ၃၀ရက်မှစ၍ ယနေ့အထိ ကျေးရွာသုံးဆယ်နီးပါးတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းဖြစ်သည်။

ယင်းအပြင် ဝန်ထမ်းများ မရှိတော့သည့် လောင်းလုံးလျှပ်စစ်ရုံးအတွင်း စစ်ကောင်စီတပ်သားများ နေရာယူထားကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရသိရပြီး Dawei Watch အနေဖြင့်မူ သီးခြားအတည်မပြုနိုင်သေးပေ။