BREAKING
June 6, 2025

အီလွန်မတ်၏ အစိုးရစာချုပ်များကို ဖျက်သိမ်းမည်ဟု ထရမ့်ခြိမ်းခြောက်

June 6, 2025

ဘီလျံနာသူဌေးအီလွန်မတ်နှင့် ချုပ်ဆိုထားသည့် အစိုးရစာချုပ်များကို ဖျက်သိမ်းသွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၅ ရက်နေ့က ခြိမ်းခြောက်လိုက်သည်။

ထရမ့်အား အမေရိကန်သမ္မတရာထူးမှ ဖြုတ်ချသင့်သည်ဟု အီလွန်မတ်ကလည်း တုံ့ပြန်လိုက်သည်။

ကမ္ဘာ့အာဏာအကြီးဆုံးပုဂ္ဂိုလ်နှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အကြား မဟာမိတ်ဆက်ဆံရေးရပ်တန့် သွားခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ပြင်းပြင်းထန်ထန် အပြန်အလှန်တိုက်ခိုက်ကြသည့် အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth Social လူမှုကွန်ရက်မီဒီယာပေါ်မှ တိုက်ခိုက်ကာ အီလွန်မတ်ကလည်း ၎င်းပိုင်ဆိုင်သည့် X လူမှုကွန်ရက်မီဒီယာပေါ်မှ တိုက်ခိုက်လျက် ရှိသည်။

“ကျွန်တော်တို့ အစိုးရဘတ်ဂျက်မှာ ဒေါ်လာဘီလီယံပေါင်းများစွာ အလေအလွင့်မရှိအောင် လုပ်ဖို့ အလွယ်ဆုံးနည်းကတော့ အီလွန်မတ်ရနေတဲ့ အစိုးရအမတော်ကြေးထောက်ပံ့မှုတွေနဲ့ အစိုးရစာချုပ်တွေကို အဆုံးသတ်လိုက်ဖို့ပဲ”ဟု ထရမ့်က Truth Social လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

ယင်းနောက် အစုရှယ်ယာရှင်များက အီလွန်မတ်၏ တက်စ်လာကုမ္ပဏီမှ အစုရှယ်ယာများကို မြန်မြန်ဆန်ဆန် ထုတ်ရောင်းခဲ့ကြရာမှ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၅၀ ဘီလီယံဆုံးရှုံးခဲ့ရသည်။

ယင်းမှာ Tesla ကုမ္ပဏီ၏ သမိုင်းတစ်လျှောက် တစ်ရက်တာအတွင်း အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်သည်။

စတော့ဈေးကွက်ပိတ်လိုက်ပြီးနောက် မိနစ်ပိုင်းအကြာတွင် ထရမ့်အား သမ္မတရာထူးမှ ဖယ်ရှားသင့်သည်ဟု ရေးသားထားသော X ပေါ်မှ ပို့စ်တစ်ခုကို အီလွန်မတ်က “Yes”ဟု ရေးသားတုံ့ပြန်ခဲ့သည်။

သို့သော်လည်း ထရမ့်၏ ရီပတ်ဘလင်ကန်ပါတီဝင်များက အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ဆီးနိတ် နှစ်ခုစလုံးတွင် နေရာအများစုကို အနိုင်ရထား၍ ထရမ့်အား ရာထူးမှ ဖယ်ရှားရေးမှာ ဖြစ်နိုင်ခြေ နည်းပါးသည်။

ထရမ့်နှင့် အီလွန်မတ်တို့အကြားက ရန်ပွဲမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်၏ အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းအား အီလွန်မတ်က ဝေဖန်ခဲ့ချိန်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ထရမ့်က ယင်းအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော် အီလွန်မတ်က ထရမ့်၏ အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းကို ဟန့်တားရန် ဆက်လက်ကြိုးစားခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းသည် အမေရိကန်နိုင်ငံ၏ ရှိနှင့်ပြီးသား ပြည်ပကြွေးမြီ ဒေါ်လာ ၃၆ ဒသမ ၂ ထရီလီယံအပေါ် နောက်ထပ်ကြွေးမြီများစွာ ထပ်ဆင့်စေလိမ့်မည်ဟု အီလွန်မတ်က ဝေဖန်သည်။

အီလွန်မတ်အပေါ် အင်မတန် စိတ်ကသိကအောက် ဖြစ်ရသည်ဟုဆိုကာ ထရမ့်က ကြာသပတေးနေ့တွင် ပထမဆုံး စတင်ဝေဖန်လိုက်သည်။

အီလွန်မတ်နှင့် ၎င်းအကြားက ဆက်ဆံရေးကောင်းမှာ ဆက်ရှိနေဖို့ မသေချာတော့ဟု ထရမ့်က ဆိုသည်။

အီလွန်မတ်ကလည်း X လူမှုကွန်ရက်မီဒီယာပေါ်မှတစ်ဆင့် ပိုမိုတင်းမာပြင်းထန်သည့် စကားလုံးများဖြင့် လျှင်လျှင်မြန်မြန် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

“ငါမပါဘူးဆိုရင် ထရမ့်က ရွေးကောက်ပွဲ ရှုံးခဲ့မှာပဲ” ဟု အီလွန်မတ်က ရေးသားခဲ့သည်။

အီလွန်မတ်သည် ပြီးခဲ့သည့်နှစ်က အမေရိကန်ရွေးကောက်ပွဲတွင် ထရမ့်နှင့် အခြားရီပတ်ဘလင်ကန် ကိုယ်စားလှယ်များဘက်က ပုံအောပံ့ပိုးပေးရန် ဒေါ်လာ သန်း ၃၀၀ သုံးစွဲခဲ့သည်။

“တော်တော်ကျေးဇူးကန်းလိုက်တာ” ဟု အီလွန်မတ်က ရေးသားခဲ့သည်။

ထရမ့်၏ ကုန်သွယ်ခွန်များက ယခုနှစ် နှောင်းပိုင်းတွင် အမေရိကန်စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်အောင် တွန်းအားပေးလိမ့်မည်ဟုလည်း အီလွန်မတ်က ရေးသားခဲ့သည်။

အီလွန်မတ်သည် တက်စ်လာကုမ္ပဏီအပြင် အမေရိကန်အစိုးရနှင့် စာချုပ်ချုပ်ကာ ပူးတွဲလုပ်ဆောင်လျက်ရှိသည့် ဒုံးပျံထုတ်လုပ်ရေးကုမ္ပဏီ SpaceX ကိုလည်း ပိုင်ဆိုင်ထားသည်။

SpaceX ကုမ္ပဏီသည် အမေရိကန်အစိုးရ၏ အာကာသစီမံကိန်းများအတွက် အင်မတန်အရေးပါသည်။

ထရမ့်က သူ့ကို ခြိမ်းခြောက်သည့်အတွက် SpaceX ၏ Dragon အာကာသယာဉ်အစီအစဉ်ကိုလည်း ဖျက်သိမ်းတော့မည်ဟု အီလွန်မတ်က ဆိုသည်။

Dragon အာကာသယာဉ်သည် အမေရိကန်အစိုးရ၏ အာကာသမစ်ရှင်များအတွက် အင်မတန်အရေးပါသည်။

Dragon အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်မှူးများကို ပို့ဆောင်နိုင်သည့် တစ်ခုတည်းသော အမေရိကန်အာကာသယာဉ်ဖြစ်သည်။

Source: Reuters