အိန္ဒိယ – မြန်မာ နယ်စပ်တစ်နေရာတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုကြား ဇွန်လ ၅ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာနနှစ်ခုက ဖော်ပြထားသည်။
အိန္ဒိယစစ်ဘက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယအခြေစိုက် Zee News နှင့် The Hindu တို့က ယနေ့ ဇွန်လ ၆ ရက်တွင် ဖော်ပြသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ အာရွန်နာချယ်ပရာဒေ့ရှ်ပြည်နယ်၊ လောင်ဒင်းခရိုင်၊ ပွန်ချောင်းမြို့နယ်ခွဲအတွင်း နယ်စပ်အနီး တောအုပ်တစ်နေရာဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါဧရိယာတွင် စစ်ဝတ်စုံဖြင့် အမည်မသိ လက်နက်ကိုင်များလှုပ်ရှားသွားလာနေသည့် သတင်းရသဖြင့် အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရန် ကင်းလှည့်ခဲ့ကြောင်း အိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
ထူထဲသည့် တောအုပ်အတွင်း လက်နက်ကိုင်များ၏ လှုပ်ရှားမှုကို တွေ့ရှိခဲ့ပြီး ၎င်းတို့အား ရပ်တန့်ရန် အမိန့်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
“သူတို့ဘက်က ဒါကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဆီကို လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ရမ်းသမ်း ပစ်ခတ်ခဲ့တယ်။ ဒါကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ထိထိရောက်ရောက် လက်တုံ့ပြန်နိုင်ခဲ့တယ်” လို့ ၎င်းက ဆိုသည်။
အဆိုပါ ပြင်းပြင်းထန်ထန် အပြန်အလှန်ပစ်ခတ်မှုအတွင်း အမည်မသိ လက်နက်ကိုင်များသည် နယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်သွားကြောင်း အဆိုပါအိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
မေလ ၁၄ ရက်တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်၊ မဏိပူရပြည်နယ်၊ ချန်ဒယ်ခရိုင်တောင်ပိုင်းတနေရာတွင် အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ထားသည်။

အိန္ဒိယ-မြန်မာနယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်မှု တိုးမြှင့်ချထားဆဲ ဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ဆိုသည်။
အိန္ဒိယ – မြန်မာနယ်စပ် တည်ငြိမ်မှုရှိရန် အိန္ဒိယစစ်သားများ နိုးနိုးကြားကြား အသင့်အနေအထားတွင်ရှိနေပြီး အရပ်ဘက် အုပ်ချုပ်ရေး၊ ထောက်လှမ်းရေးအေဂျင်စီတို့နှင့်ပါ လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယစစ်တပ်ဘက်က ပြောသည်။
မေလ ၁၄ ရက်ဖြစ်စဉ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဘဲ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၁၀ဦးကို အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်သည့် အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခေါ်ဆောင်ကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၂၀ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုထားသည်။
တမူးခရိုင် ကမ္မကြီးရွာအနီးကို လုံခြုံရေးအခြေအနေအရ စခန်းပြောင်းရွှေ့လာမှုနှင့် ပတ်သက်ပြီး တမူး ပကဖ ရဲဘော် ၁၀ဦးသည် အာသံရိုင်ဖယ်တပ်ကို ကြိုတင်သတင်းပို့ထားသော်လည်း ဖမ်းဆီးသတ်ဖတ်ခဲ့ခြင်းဖြစ်ကြောင်း NUG က ဆိုသည်။
ရုပ်အလောင်းများကို တောင်းခံရာတွင်လည်း အိန္ဒိယနယ်နိမိတ်သို့ ဝင်ရောက်ပြီးစတင်တိုက်ခိုက်သဖြင့် နှိမ်နှင်းခံရခြင်း ဖြစ်သည်၊ နောက်နောင် နယ်စပ်ခြံစည်းရိုးခတ်မှုကို မကန့်ကွက်ပါ ဆိုသည့် အချက်နှစ်ချက်ကို ဖိအားပေးသဘော တူခိုင်းခဲ့ကြောင်းလည်း ဖော်ပြသည်။
ရဲဘော် ၁၀ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးအရေးယူရန်၊ အလားတူဖြစ်ရပ် ထပ်မံမပေါ်ပေါက်ရေးတာဝန်ယူပေးရန်၊ အငြင်းပွားမှုရှိနေသဖြင့် နယ်စပ်ခြံစည်းရိုးကာရံမှုကို ရပ်ဆိုင်းထားရန် NUG က အိန္ဒိယအစိုးရကို တောင်းဆိုခဲ့သည်။
အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အာရွန်နာချယ်ပရာဒေ့ရှ် ၊ မဏိပူရ ၊ နာဂလန်း ၊ မီဇိုရမ် ပြည်နယ်လေးခုသည် မြန်မာနယ်စပ်နှင့် ၁၆၄၃ ကီလိုမီတာ ထိစပ်လျက်ရှိသည်။
Source: Zee News ၊ The Hindu