BREAKING
June 9, 2025

တစ်ကျော့ပြန် လောင်းလုံးတိုက်ပွဲကြားက ပြည်သူတွေ

June 6, 2025

လောင်းလုံးမြို့မှာ မေလ ၃၀ ရက်ကစပြီး တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ပွားလာနေပြန်ပါပြီ။

တဝေါဝေါရွာချနေတဲ့ မိုးသံတွေကြားထဲ လက်နက်ကြီးပစ်ခတ်သံတွေဟာ မကြားတစ်ချက် ကြားတစ်ချက်မို့ အာရုံစိုက် နားစွင့်နေကြရပါတယ်။

လောင်းလုံးကျွန်းဆွယ်ဟာ မေလအကုန် ဇွန်လဆိုရင် မိုးကောင်းကောင်းရွာနေပါပြီ။ မိုးနဲ့အတူ မိုးခြိမ်းသံတွေလည်း ဆူညံနေလေ့ရှိပါတယ်။

တိုက်ပွဲထဲ ပစ်နေကြတဲ့ လက်နက်ကြီးသံတွေအနဲ့အတူ မိုးခြိမ်းသံတွေ ရောထွေးယှက်တင်ပါပဲ။

တစ်ခါတလေ လက်နက်ကြီးပစ်သံကို မိုးခြိမ်းသံလို့ ထင်နေတာရှိသလို မိုးခြိမ်းသံကိုလည်း လက်နက်ကြီးသံထင်ပြီး ထထပြေးရတဲ့အခါလည်း ရှိတတ်ပါသေးတယ်။

ဒါ့အပြင်မိုးရာသီဆိုတော့ စစ်ဘေးရှောင်ရတာ ကသီလှပါတယ်။ အရင်ကထက် အဝတ်အစား အပိုတွေထည့်သွားရတာရယ်၊ ဖုန်းနဲ့ ပါဝါဘဏ်တွေ ရေမစိုဖို့ ဂရုစိုက်ရတာရယ်နဲ့ ကရိကထများလှပါတယ်။

တိုက်ပွဲအခြေအနေ

မေလ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာပဲ နှစ်ဖက်တိုက်ပွဲတွေ အဓိကဖြစ်ပွားခဲ့တာပါ။ မေလ ၃၀ ရက်မှာ လက်ခတ်တောင်တာဝါတိုင်ကုန်းနဲ့ မေလ ၃၁ ရက်မှာ လောင်းလုံးမြို့ပေါ်တိုက်ပွဲတွေပါ။

ဒါပေမဲ့ အနီးအနားက ဒေသခံတွေကတော့ တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်တိမ်းရှောင်နေရတာတွေရှိပါတယ်။

လောင်းလုံးမြို့ပေါ်ကဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာအနီးဝန်းကျင်နဲ့ မြို့နဲ့ ထိစပ်နေတဲ့ စစ်ပြဲ၊ ညင်းမော်၊ သဗျာ၊ ပြင်းထိန်ရွာတွေပါ။ အဲဒီရွာတွေဟာ တိုက်ပွဲမဖြစ်ခင်ကတည်းက ကျီးလန့်စာစား ဖြစ်နေကြရပါတယ်။

တိတိကျကျဆိုရင် မေလ ၃၁ ရက်မြို့ပေါ်မှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီးနောက်ပိုင်း ဇွန်လ ၅ ရက်နေ့အထိ နှစ်ဖက်ထိတွေ့ ပစ်ခတ်တာတွေ မရှိသေးပါဘူး။

ဒါပေမဲ့ မြို့အနီးအနားမှာတော့ နှစ်ဖက်စစ်ဆိုင်ထားလို့ အချိန်မရွေးပစ်ခတ်မှု ဖြစ်လာနိုင်တဲ့အနေအထားနဲ့ စစ်ရေးတင်းမာနေကြပါတယ်။

တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူကို တောက်လျှောက်အသုံးပြုခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

လက်နက်ကြီးသံကြားက မြို့ရွှေဝယ်

လောင်းလုံးမြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာပဲ ဇွန်လ ၁ ရက်နေ့မှာတော့ ထားဝယ်မြို့နယ် ရွေဂူတံတားစစ်ဆေးရေးဂိတ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထားဝယ်မြို့က စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးတွေနဲ့ လောင်းလုံးကိုရော ရွှေဂူဂိတ်ဖက်ကိုပါ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တာဝေးပစ်လက်ကြီးတွေနဲ့ ထားဝယ်မြို့ စကခ ၈ ထဲကနေ ပစ်ခတ်နေတာတာရှိသလို ကမ်းနားလမ်းမှာ လက်နက်ကြီးအထိုင်ချပြီး ပစ်ခတ်နေတာလည်းရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

မေလကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်းတွေထဲ ထားဝယ်မြို့ထဲ လက်နက်ကြီးပစ်ခတ်သံတွေနဲ့ ဆူညံနေလို့ မြို့ခံတွေ နားမခံသာအောင်ရှိနေကြပါတယ်။

စစ်ဘေးရှောင်

အရင်က ထွက်ပြေးတိမ်းရှောင်ရလေ့သိပ်မရှိတဲ့ လောင်းလုံးမြို့ခံတွေ၊ စမ်းလှမ်း၊ တီဇစ်ကျေးရွာတို့က ဒေသခံတွေပါ အခုတစ်ကြိမ် တစ်ကျော့ပြန်တိုက်ပွဲမှာ ထွက်ပြေးတိမ်းရှောင်ကြရတော့ စစ်ဘေးရှောင်အရေအတွက် ပိုမိုများပြားနေပါတယ်။

“အခုက မပြေးလို့မရတော့ဘူး။ အိမ်နားကိုတောင် လက်နက်ကြီးတွေလာကျနေတာ” လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ စစ်ဘေးရှောင်အများစုက နီးစပ်ရာဆွေမျိုးတွေ၊ အသိတွေအိမ်မှာ တည်းခိုနေကြလို့ ရာသီဥတုဒဏ်ကို အခြားဒေသက စစ်ဘေးရှောင်တွေလောက် ဆိုးဆိုးရွားရွားမခံကြရဘူးလို့ ဆိုကြပါတယ်။

ဒါပေမဲ့ ထွက်ပြေးတိမ်းရှောင်တဲ့ အတွေ့အကြုံ နည်းပါးတာကြောင့် လိုအပ်တဲ့ အသုံးအဆောင်တွေ မပါလာကြတဲ့အပြင် သက်ကြီးရွယ်အို‌တွေကို မရွှေ့ပြောင်းနိုင်တာတွေလည်း ရှိကြပါတယ်။

စစ်ဘေးရှောင်နေရတဲ့ကျေးရွာတွေကတော့ လောင်းလုံး၊ စမ်းလှမ်း၊ တီဇစ်၊ ညင်းမော်၊ စစ်ပြဲ၊ ပြင်းထိန်၊ သဗျာ စတဲ့ အနည်းဆုံး ခုနစ်ရွာက လူဦးရေထောင်ချီ ရှိနိုင်ပါတယ်။

အခက်အခဲ

စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေများစွာရှိပေမယ့် လျှပ်စစ်မီးပြတ်တောက်နေတာ၊ စက်သုံးဆီဝယ်ယူမရတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ အဓိကကြုံနေကြရပါတယ်။

လျှပ်စစ်မီးက တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကတည်းက ပြတ်တောက်သွားတာကြောင့် ဖုန်းအားသွင်းဖို့ ခက်ခဲနေကြပါတယ်။

လျှပ်စစ်မီးလိုင်းအချို့ ပြတ်တောက်နေတာအပြင် လောင်းလုံး လျှပ်စစ်ဓာတ်အားခွဲရုံက ဝန်ထမ်းတွေ ထွက်ပြေးသွားတာကြောင့် လျှပ်စစ်မီးပြန်ပေးနိုင်ဖို့က မလွယ်သေးဘူးလို့လည်း သိရပါတယ်။

နောက်တစ်ခုက လျှပ်စစ်ရက်ရှည်ပြတ်တောက်သွားရင် ဖုန်းတာဝါတိုင်တွေ မလည်ပတ်နိုင်တော့ဘဲ ပြတ်တောက်သွားမယ့် ပြဿနာပါ။ လတ်တလောမှာတော့ အက်တမ်(ယခင်တယ်လီနော) နဲ့ အော်ရီဒူးဖုန်းလိုင်းတွေက အချို့နေရာတွေမှာ မရတစ်ချက် ရတစ်ချက်ဖြစ်နေသလို အချို့နေရာတွေမှာ လုံးဝပြတ်တောက်နေပါတယ်။

MPT ဖုန်းလိုင်းတစ်ခုသာရနေတဲ့ နေရာတွေလည်းရှိပါတယ်။ အင်တာနက်လိုင်းကလည်း နှေးကွေးနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ‌စစ်ဘေးရှောင်တွေဟာ ဆက်သွယ်ရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ဖုန်းနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို မီးစက်တွေနဲ့ ဖြေရှင်းနေကြရပါတယ်။

“ဖုန်းတစ်ခါသွင်းရင် (ကျပ်)တစ်ထောင်၊ ထောင့်ငါးရာပေးရတယ်။ ကျွန်မတို့ကတော့ ပေးရချင်ပေးရ သွင်းပေးတဲ့နေရာရှိနေတာကို ကျေးဇူးတင်နေပြီ” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ဒါပေမဲ့ ရက်ရှည်လာတာနဲ့အမျှ မီးစက်မောင်းဖို့နဲ့ ဆိုင်ကယ်၊ကား၊ သုံးဘီးတွေအတွက် စက်သုံးဆီလိုအပ်ချက်တွေ ရှိလာနေပါတယ်။

စစ်ကောင်စီက ထားဝယ်ခရိုင်ကို ဧပြီလကတည်းက စက်သုံးဆီသယ်ယူခွင့် တင်းကျပ်ထားတာကြောင့်လည်း စက်သုံးဆီ အရင်ကထက် ရှာဖွေရခက်ခဲနေကြတယ်လို့ဆိုပါတယ်။

“အခုလောလောဆယ်တော့ နည်းနည်းပါးပါးရောင်းနေတဲ့ဆိုင်တွေမှာ ဝယ်လို့ရတာဝယ်၊ ဝယ်မရရင်လည်း တစ်ယောက်နဲ့တစ်ယောက်မျှသုံး ဒီလိုနဲ့ပဲ သွားနေကြတာပေါ့” လို့ စစ်ဘေးရှောင်ဒေသခံတစ်ဦးက ဇွန်လ ၄ ရက်နေ့မှာ ပြောဆိုပါတယ်။

လုပ်ငန်းတွေထိခိုက်

တိုက်ပွဲနဲ့ စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံ ရေလုပ်သားတွေ၊ မွေးမြူရေးသမားတွေ၊ လယ်သမားတွေနဲ့ ပန်းရန်အလုပ်သမားတွေ စတဲ့ အောက်ခြေလူတန်းစားတွေ ထိခိုက်လာကြပါတယ်။

စမ်းလှမ်းနဲ့ တီဇစ်ကျေးရွာဟာ ရေလုပ်ငန်းရွာတွေဖြစ်ကြပါတယ်။ အခုတော့တိုက်ပွဲကြောင့် ပင်လယ်ထွက်ပြီး ဝမ်းစာမရှာနိုင်ကြဘဲ တိမ်းရှောင်နေကြရပါတယ်။

အသားစားကြက်မွေးသမားတွေဆိုလည်း ဖောက်သည်တွေမလာရဲကြတော့လို့ ရောင်းတန်းဝင်ကြက်တွေကို မရောင်းထုတ်နိုင်ဘဲ အစာဖိုး တစ်နေ့ကျပ်သိန်းချီအကုန်ခံပြီး ကျွေးမွေးထားရတယ်လို့ဆိုကြပါတယ်။

“ရက်ကြာလာလေ ကိုယ့်အတွက်ကျန်နည်းလေပဲ။ အခုဆို ‌သုံးလေးရက်ရှိလာပြီဆိုတော့ အရင်းရတဲ့သူက‌တော့ ကံကောင်းပဲ” ဟု ကျောက်ဖြူရွာက ကြက်မွေးမြူရေးသမားက ဆိုပါတယ်။

ပုံမှန်ဆိုရင် ညောင်ရေသွန်းပွဲပြီးတဲ့အချိန် မေလကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်းတွေဟာ လယ်သမားတွေ ထွန်ယက်နေချိန်ပါ။

လောင်းလုံးမြို့အနီးမှာတော့ လယ်ကွင်းစပ်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲနေလို့ ဒေသခံလယ်သမားတွေ လယ်ထဲမဆင်းနိုင်ကြသေးပါဘူး။

အဲဒီလိုပဲ လောင်းလုံးမြို့ပေါ်က မွေးမြူရေးသမားတွေဆိုလည်း သူတို့မွေးထားတဲ့ ကြက်၊ ဝက်တွေကို အစာမကျွေးနိုင်တော့ဘဲ ပစ်ထားခဲ့ရတာပါ။

ပန်းရန်အလုပ်သမားတွေ၊ အခြားနေ့စားအလုပ်သမားတွေဆိုလည်း ပုံမှန်အလုပ်တွေမလုပ်နိုင်တော့လို့ ဝင်ငွေထိခိုက်နေကြပါတယ်။

“တိုက်ပွဲပြီးလို့ အိမ်ပြန်ရင်တောင် ငါတို့မှာ လုပ်စားဖို့ အလုပ်ရှိတော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ငါတို့မြို့မှာ လူတွေမရှိတော့ဘူးလေ” လို့ လောင်းလုံးမြို့ခံတစ်ဦးက ငြီးတွားပြောဆိုပါတယ်။

လေကြောင်းအန္တရာယ်

တိုက်ပွဲဖြစ်ပွာနေဆဲနဲ့ ဖြစ်ပြီးအချိန်တွေအထိ ဒေသခံစစ်ဘေးရှောင်တွေ အစိုးရိမ်ဆုံးအရာက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက် လာမှာကိုပါ။

“လေယဉ်နဲ့သာ မပြောကောင်းမဆိုကောင်း ရွာထဲကိုကြဲချရင်တော့ ကျွန်မတို့တော့ ဒုက္ခပဲ။ ဘာဖြစ်လို့လဲဆို ကျွန်မတို့မှာ ဝင်ပုန်းနေဖို့(ဗုံးခိုကျင်းလို) နေရာမရှိဘူးလေ” လို့ ဂေါ့အင်းရွာသူတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချယ်နယ်တွေကလည်း မရေမရ မသေချာတဲ့ သတင်းအမှားတွေနဲ့ ကျေးရွာတွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ တောက်လျှောက်လှုံ့ဆော်ရေးသားခဲ့ပါတယ်။

အထူးသဖြင့် အမဲလိုက်မုဆိုးကြီး တယ်လီဂရမ်ချယ်နယ်က ရေးသားလှုံ့ဆော်ခဲ့တာကိုတွေ့ရပါတယ်။

ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ရေးတင်မာနေတဲ့ လောင်းလုံးမြို့အောက်ပိုင်းက စစ်ပြဲ၊ အောက်ရေဖြူ စတဲ့ ကျေးရွာတွေဖက်ကို ခရီးသည်တင် လေယာဉ်ပျံတစ်စီး အနိမ့်ပျံသန်းလာတာကို ဗုံကြဲလေယာဉ်၊ ဒါမှမဟုတ် ကင်းထောက်လေယာဉ်ထင်ပြီး ပြေးလွှားခဲ့ကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့အထိတော့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာမရှိသေးပါဘူး။

ထိခိုက်သေဆုံး ဖမ်းဆီးခံရမှုများ

တိုက်ပွဲထဲ လောင်းလုံးမြို့ပေါ်က လူလတ်ပိုင်းအမျိုးသမီးတစ်ဦး မေလ ၃၀ ရက်မှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး အဲဒီအမျိုးသမီးရဲ့ ဖခင်လည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပါတယ်။

မေလ ၃၁ ရက်မှာတော့ ညင်းမော်ကျေးရွာက အသက် ၅ နှစ်အရွယ်မိန်းကလေးတစ်ယောက် စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့ ရွှေဂူတံတားတိုက်ပွဲမှာတော့ သစ်ဆိပ်ပင်ကျောင်းဆရာတော် ပျံလွန်တော်မူခဲ့သလို ရွေဂူရွာသားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူကတော့ ဇွန်လ ၅ ရက်နေ့အထိ လေးဆယ်ကျော်လောက်အထိရှိတယ်လို့ ဒေသခံတွေကပြောဆိုကြပေမယ့် Dawei Watch အနေနဲ့ နာမည်တွေနဲ့တကွ အတည်ပြုထားနိုင်သူကတော့ ၁၅ ဦးလောက်ပဲရှိပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ တောတောင်တွေထဲ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေ၊ ဥယျာဉ်ခြံတွေထဲ အလုပ်လုပ်နေတဲ့ လောင်းလုံးနဲ့ သဗျာကျေးရွာက ဒေသခံတွေပါတယ်လို့ဆိုပါတယ်။ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးမိပြီးအဖမ်းခံရသူတွေလို့ ယူဆရပါတယ်။

နေအိမ်ကို လက်နက်ကြီးထိမှန်တာ၊ စစ်ကောင်စီတပ်က ‌ဖောက်ထွင်းတာ စတဲ့အခြားထိခိုက်ပျက်စီးမှုတွေရှိနေပေမယ့် လတ်တလောမှာ ဒေသခံတွေ ရွာထဲမဝင်နိုင်သေးတာမို့ ဘယ်လောက်ပျက်စီးတယ်၊ ဘယ်လောက်ပါသွားတယ် ဆိုတာတွေ မသိရသေးပါဘူး။

အရင်နှစ်တွေကတော့ မိုးတွင်းဆိုရင် ထားဝယ်ခရိုင်မှာ တိုက်ပွဲဖြစ်ပွားတာတွေ လျော့ကျလေ့ရှိပေမယ့် ဒီနှစ်က‌တော့ မိုးဦးကျတဲ့အထိ တိုက်ပွဲအရှိန်ကောင်းတုန်းရှိနေဆဲပါ။

ဒီပုံအတိုင်းသာဆိုရင်တော့ ဒီနှစ်မိုးဟာ ထားဝယ်ခရိုင်ထဲ မိုးသံလေသံ၊ မိုးခြိမ်းသံတွေနဲ့အတူ စစ်လက်နက် ပစ်ခတ်သံတွေ ဆူညံနေမှာဖြစ်သလို ဒေသခံတွေလည်း မိုးစွတ်၊ရေစွတ်ကြားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရဦးမယ့်ကိန်းဆိုက်နေပါတယ်။