အကြောက်တရားဆိုတာက ပုထုဇဉ်တွေရဲ့ ဘဝမှာ ရှောင်လွှဲလို့ မရတဲ့အရာပါ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ကိုယ်ကြောက်တတ်မှန်း လူမသိလေ ပိုကောင်းလေလို့ ဆိုရပါလိမ့်မယ်။
လူထုတွေ ဘာကိုကြောက်တယ်ဆိုတာကို သိလေလေ အာဏာရှင်တွေ၊ နိုင်ငံရေးသမားတွေအတွက် အကျိုးရှိစေလေလေပါပဲ။
ခင်ဗျားက ပိုးဟပ်ကြောက်တယ်ဆိုပါစို့။ ပိုးဟပ်တစ်ကောင်ကို လက်ထဲမှာ ကိုင်ထားနိုင်သူက ခင်ဗျားကို ခြိမ်းခြောက်လာပါလိမ့်မယ်။ ပြီးရင် ခင်ဗျားဆီက တစ်စုံတစ်ခုကို တောင်းဆိုတော့မှာပါပဲ။
နယူးယောက်ခ်တိုင်းမ်သတင်းဌာနကြီးရဲ့ အက်ဆေးတစ်ပုဒ်ကို တလောက ဖတ်ဖြစ်တယ်။ ခေါင်းစဉ်က ‘မကြောက်ပါနဲ့’တဲ့။ ရေးတဲ့သူက အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးပါ။
သူပြောတာက ကြောက်ရွံ့ခြင်းဟာ ကျနော်တို့ကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုပြီး ခွဲခြားပေးပါတယ်တဲ့။ ဒါက ဘာကိုကြောက်လဲဆိုတာထက် ဘယ်လိုတုံ့ပြန်လဲဆိုတာအပေါ်မှာ မူတည်နေတာပါ။
ပြီးတော့ ကျနော်တို့ပတ်ဝန်းကျင်မှာ ကြောက်စရာတွေကလည်း ပေါမှပေါ။ အလုပ်တွေ ပြုတ်၊ အဖွဲ့အစည်းတွေက အားနည်း၊ ကျနော်တို့ ပြောနေဆိုနေကြတဲ့ အကြောင်းအရာတွေက နာရီတိုင်းမှာ ပြောင်းလဲ၊ ပြောသမျှ၊ လုပ်သမျှက စောင့်ကြည့်ခံနေရ၊ မှတ်တမ်းတင်ခံနေရ၊ ပြီးရင် အပြစ်ရှာ စီရင်ခံရကြတယ်။
အွန်လိုင်းပေါ်က ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ ခြိမ်းခြောက်မယ့်၊ အရှက်ခွဲမယ့် အန္တရာယ်ကိုလည်း ကြောက်နေကြရ။ ဘာမှ မလုပ်ရဲတော့လောက်အောင်ပဲ။ ကျနော်တို့ကို တုံ့ဆိုင်းတွေဝေစေတယ်။
လွန်ခဲ့တဲ့နှစ်တစ်ခုမှာတုန်းက မြန်မာသတင်းစာဆရာတစ်ဦးရဲ့ ‘အကြောက်တရားနှင့် ကခုန်ခြင်း’ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း အမှတ်ရစရာပါ။
အကြောက်တရားဆိုတာက ပျံ့နှံ့ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး အာဏာရှင်တွေက ဒါကို အခွင့်ကောင်းယူ၊ အကျိုးအမြတ်ထုတ်တတ်ကြတယ်ဆိုတာကို အဲဒီဆောင်းပါးက ထောက်ပြခဲ့တာဖြစ်ပါတယ်။
အကြောက်တရားကြီးမားသွားတဲ့အခါ အာဏာရှင်ကို မှီခိုသွားတတ်ပုံကိုလည်း ဥပမာတစ်ခုနဲ့ တင်ပြခဲ့ပါတယ်။
အခုနယူးယောက်ခ်တိုင်းမ်ဆောင်းပါးမှာလည်း အကြောက်တရားရဲ့ အကျိုးဆက်ဆိုးကို လွယ်လွယ်မြင်သာအောင် ရေးပြထားပါတယ်။ ကြောက်ရွံ့ခြင်းဟာ အထီးကျန်မှုကို ခံစားစေပါတယ်။
ဒီအခါမှာ ကိုယ်နဲ့ ကြောက်တာတူတဲ့ သူတွေအချင်းချင်း ပေါင်းသင်းစုစည်းမိသွားတယ်။ ကြောက်စိတ် အားကြီးလာတဲ့အခါ စိုးရိမ်ပူပန်လာမယ်၊ ဒေါသထွက်လာမယ်။ ဒေါသကနေ အမုန်းဖြစ်လာမယ်။ အမုန်းစိတ်ဟာ တခြားသူတွေကို လူလို့ မမြင်တော့လောက်အောင် အသိကို ကန်းစေတယ်။ ဒီလိုနဲ့ပဲ လူ့အဖွဲ့အစည်းအတွင်းမှာ သံသယနဲ့ ရန်လိုမှုတွေ ပြည့်လာပါတော့တယ်။
စိတ်မကောင်းစရာက အခုခေါင်းဆောင်တချို့ဟာ ကြောက်စိတ်တွေကို ဖြေဖျောက်ပေးရမယ့်အစား မတည်မငြိမ်ဖြစ်အောင် တမင်ဖန်တီးနေကြတာပါပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကို အာရုံစိုက်လာစေပါတယ်။ ဒီလိုဖန်တီးဖို့ဆိုတာကလည်း ကျနော်တို့ ဘာကို ကြောက်သလဲဆိုတာကို သိမှ ဖြစ်မှာပါ။
အခုဆောင်းပါးရှင်ဟာ ကြောက်စိတ်ကို တန်ပြန်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပေဒေတွေရဲ့ အရေးကြီးပုံကိုလည်း ပြောထားပါတယ်။
စည်းမျဉ်းဥပဒေတွေဆိုတာဟာ ကျနော်တို့ကို ချည်နှောင်တဲ့ သံကြိုးတွေမဟုတ်ပါဘူး။ အဲဒါတွေဟာ ကျနော်တို့ကို စနစ်တကျဖြစ်စေမယ့် အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။ ကျနော်တို့ လူအများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဘာကိုတော့ လုပ်လို့ရတယ်၊ ဘာကိုတော့ လုပ်လို့မရဘူးဆိုတဲ့ စည်းတွေဘောင်တွေကို ချမှတ်ပေးတဲ့အရာတွေပါ။
ပြီးတော့ တရားမျှတမှုကို ဖြစ်စေပါတယ်။ အကြောက်တရားကို ခွန်အားချည်းသက်သက်နဲ့ နှိမ်နင်းလို့ မရနိုင်ပါဘူး။ ကျနော်တို့ရဲ့ စိတ်ခံစားမှုတွေ၊ ဆန္ဒတွေနဲ့ အပြုအမူတွေကို ထိန်းချုပ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို ခိုင်ခိုင်ကျည်ကျည် လိုက်နာခြင်းနဲ့ပဲ အောင်မြင်နိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ပိုပြီးစိတ်မကောင်းဖြစ်ရတာက အခုအခါမှာ အရေးအကြီးဆုံးဖြစ်တဲ့ စည်းမျဉ်းဥပဒေတွေ (လူ့ရဲ့စရိုက်လက္ခဏာနဲ့ ကိုယ့်ကျင့်တရားဆိုင်ရာ စည်းမျဉ်းတွေ) မှာ ဘေးအန္တရာယ်ကျရောက်နေတာပါ။ ပြင်ပလောကရဲ့ စည်းမျဉ်းဥပေဒေတွေ ပျက်စီးသွားတာဟာ ပြဿနာရှိပါတယ်။ ဒါထက် လူသားတွေရဲ့ စိတ်ဓာတ်ပျက်ပြားတဲ့ ပြဿနာက ပိုပြီး စိုးရိမ်စရာလို့ ဆိုပါတယ်။
ကြောက်စိတ်တွေ လူထုအကြားကို ပျံ့နှံ့နေတဲ့အခါ လူအချင်းချင်းအကြားမှာ ယုံကြည်မှုပျက်ယွင်းသွားစေပါတယ်။ အမှန်တရားဘက်မှာ မရပ်တည်ရဲတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကိုဖို့ပဲ စဉ်းစားလာစေပါတယ်။ ဒီလိုနဲ့ လူတော်တော်များများက ရိုးသားမှု၊ ယဉ်ကျေးမှု၊ လေးစားမှုဆိုတဲ့ အခြေခံတွေကို ဂရုမစိုက်တော့ပါဘူး။ အဲဒါတွေသာ မရှိတော့ဘူးဆိုရင် လူ့အဖွဲ့အစည်းဟာ ယိုယွင်းရုံတင်မကဘူး၊ ပြိုးလဲလိမ့်မယ်လို့ ဆောင်းပါးရှင်းက သတိပေးထားပါတယ်။
ဒီတော့အနှစ်ချုပ်ရရင် အကြောက်တရားဟာ ကူးစက်ပျံ့နှံ့လွယ်တယ်။ ဆင်ခြင်နိုင်စွမ်းအားနည်းသွားစေတယ်။ အမုန်းစိတ်ဖြစ်စေတယ်။ တချို့လူတွေက ဒါတွေကို အခွင့်ကောင်းယူ၊ အမြတ်ထုတ်လေ့ရှိကြတယ်။
ခင်ဗျားဟာ အနိုင်အထက်ပြုသူ၊ ကိုယ်ကျိုးပဲ ကြည်သူ့မဟုတ်ခဲ့ဘူးဆိုရင် ခင်ဗျားငယ်ငယ်တုန်းက အတန်းထဲမှာ၊ ရပ်ကွက်ထဲမှာ အားကြီးသူတစ်ယောက်ယောက်က ခင်ဗျားကြောက်တဲ့အရာတစ်ခုကိုကိုင်ပြီး မဆုံးနိုင်တဲ့ ခြောက်လှန့်မှုတွေ လုပ်တာကို ခံခဲ့ရဖူးပါလိမ့်မယ်။ ခင်ဗျားကြောက်လေလေ သူတို့အတွက် ပျော်စရာကောင်းလေလေပါပဲ။
ဆောင်းပါးအစမှာ ပြောခဲ့သလိုပါပဲ၊ သာမန်လူသားတွေအဖို့ အကြောက်တရားကင်းကင်းနဲ့ ရှင်သန်ဖို့ရာ ခက်ပါတယ်။ ဒါပေမဲ့လည်း အကြောက်တရားကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာက အရေးကြီးပါတယ်။ တကယ်လို့ အကြောက်တရားကို မဖျောက်နိုင်ဘူးဆိုရင် ကိုယ်ကြောက်နေမှန်း လူမသိအောင် လျှို့ဝှက်ထားလိုက်တာက ပိုကောင်းပါလိမ့်မယ်။
အခွင့်အရေးသမားတွေ၊ အနိုင်အထက်ပြုတတ်သူတွေ၊ ကိုယ်ကျိုးရှာသူတွေနဲ့ အာဏာလက်ဝယ်ရှိသူတွေလက်ထဲမှာ ခင်ဗျားရဲ့အကြောက်တရားနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရောက်ရှိသွားပြီဆိုရင်တော့ ကြောက်နေဖို့ကိုသာ ပြင်ဆင်ထားလိုက်ပါတော့။
သံယံ