BREAKING
May 6, 2025

ထားဝယ်ခရိုင်တွင် စစ်ဘေးရှောင်များ ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ

May 6, 2025

ထားဝယ်ခရိုင်က စစ်ဘေးရှောင်အများစု ငှက်ဖျားဦ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်၊ဝမ်းလျောရောဂါများ ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များနှင့် ဥဩဆေးတပ်ဖွဲ့ ထားဝယ်(ပကဖ)ထံသိရသည်။

ဧပြီလတွင် ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျောဖြစ်သူ သုံးရာကျော်ရှိပြီး ထိုအထဲတွင် ဝမ်းပျက်ရောဂါဖြစ်သူ ၆၇ ဦး၊ တုပ်ကွေး ၃၆ ဦး၊ ငှက်ဖျားရောဖြစ်သူ ၂၄ ဦးနှင့် ရိုးရိုးဖျားနာသူ ၂၁၅ ဦးရှိကြောင်း ဥဩဆေးတပ်ဖွဲ့ထားဝယ်(ပကဖ)၏ စာရင်းများအရ သိရသည်။

“ဝမ်းပျက်ဝမ်းလျောကတော့ တစ်ယောက်နဲ့ တစ်ယောက်ကူးစက်သလိုမျိုးရှိတယ်။ အိမ်တစ်ဆောင်မှာ ဝမ်းပျက်ဝမ်းလျောသူ တစ်ယောက်ရှိရင် နောက်ထပ်တစ်ယောက်လည်း အဲ့လိုမျိုးကူးစက် ဖြစ်ပွားတာရှိတယ်။ ဒီရောဂါတွေဖြစ်ပြီး သေဆုံးတာအထိတော့မရှိဘူးခင်ဗျ” ဟု ယင်းအဖွဲ့က တာဝန်ရှိသူက ဆိုသည်။

အထက်ပါစာရင်းမှာ အရှေ့တောဒေသကျေးရွာသုံးရွာမှ ဒေသခံများအပြင် ယင်းဒေသတွင် တာဝန်ကျနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟုယင်းအဖွဲ့က ဆိုသည်။

“ကျွန်တော်တို့ဆီမှာ ငှက်ဖျားဖြစ်နေကြတယ်၊ ကျွန်တော်လည်း ဖျားနေပြီ” ဟု အရှေ့တောဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝမ်းပျက်ဝမ်းလျောရောဂါမှာ ကလေး၊ လူငယ်၊ လူကြီးပိုင်းအရွယ်များဖြစ်ကြပြီး ငှက်ဖျားရောဂါမှာ လူငယ်ပိုင်းများ အဖြစ်များသည်ဟု ဥဩဆေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ရမ္မဇူကျေးရွာတွင် အရှေ့တောဒေသက စစ်ဘေးရှောင်များလာရောက်နေထိုင်နေကြပြီး ရမ္မဇူကျေးရွာနှင့် လိပ်ကြယ်ပြောင်ကျေးရွာများတွင်လည်း ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျောရောဂါနှင့် ရာသီအကူးအပြောင်းကာလ နှာစေးချောင်းဆိုးဖျားနာသူ များနေသည်ဟု လိပ်ကြယ်ပြောင်နှင့် ရမ္မဇူရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ငါလည်းအခုမှ ကောင်းခါစရှိသေးတယ်။ ဆေးဗူးကြီးပါချိတ်ရတယ်၊ စဖြစ်တာ ဝမ်းပျက်ဝမ်းလျောဖြစ်တာ၊ ပြီးတော့ ဘာစားစားအန်တယ်၊ ရေသောက်ရေအန်၊ နို့သောက်နို့အန်တယ်၊ အဲ့ဒါပြီးတော့ ဖျားတယ်၊ ဖျားတာက ရိုးရိုးဖျားတာမဟုတ်ဘူး ငှက်ဖျားဖြစ်တာ၊ အခုရွာတွေမှာ အများကြီးပဲဖြစ်နေကြတယ်” ဟု ၎င်းက ပြောသည်။

ရွာတွင်ရှိသည့် သူနာပြုဆရာမနှင့် ဥဩဆေးတပ်ဖွဲ့၏ ကုသပေးမှုကို အားထားနေရသည်ဟု ၎င်းက ဆိုသည်။

ဆေးဝါးထောက်ပံ့မှုကို ခွဲတမ်းဖြင့် ချပေးထားသည်ဖြစ်ရာ ဆေးဝါးလိုအပ်ချက်ရှိနေသည်ဟု ဥဩဆေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ယင်းအပြင် အညာဖျားကျေးရွာအုပ်စု ဥယျာဉ်ကြီးရွာတွင်လည်း ဖျားနာသူများရှိနေသည်ဟု ဥယျာဉ်ကြီးရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းက စစ်ဘေးရှောင်များလည်း ရာသီတုပ်ကွေးနှင့် ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျောရောဂါများဖြစ်နေကြသည်ဟု ဝင်းဝရွာအနီးက အသက် ၆၀ ခန့်ရှိ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။