ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည် ။
ဝါရစ်ရွာ၊ ပိန်းတောပြင်(ဒေသအခေါ်)တွင် စခန်းတည်ဆောက်ကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
“ဝါရစ်ရှေ့တန်းစခန်းကို ပူးပေါင်းအဖွဲ့တွေက ဝင်တိုက်တာပါ။ သူတို့လည်း တော်တော်ထိတယ် ။ စခန်းမှာ ခုခံနေတာ သုံးယောက်လောက်ပဲကျန်နေတဲ့အချိန် စခန်း ကိုရခါနီးမှ မောင်းလှော်ရွာဘက်က စစ်ကူတွေရော၊ ရေတပ်သင်္ဘောတွေရော၊ လေကြောင်းရော တစ်ပြိုင်တည်း ရောက်လာလို့ ပြန်ဆုတ်လိုက်ရတယ် “ ဟု တိုက်ပွဲတွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောသည် ။
နံနက် ၆ နာရီမှ ၇ နာရီဝန်းကျင်အထိ တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီဘက်က မောင်းလှော်ရွာဘက်မှ စစ်ကား၆စီး၊ ရေလမ်းမှ သင်္ဘောနှစ်စီး ဖြင့် စစ်ကူရောက်လာသည့်အပြင် နံနက် ၈ နာရီခန့်တွင် လေယာဥ်တစ်စီး၊ ရဟတ်ယာဥ်တစ်စီးတို့ဖြင့် ဗုံးသီး ရှစ်လုံး ကြဲချခဲ့ကြောင်း ၎င်းကပြောဆိုသည် ။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က အရာရှိအပါအဝင်ထိခိုက်ကျဆုံးမှုများရှိသလို တော်လှန်ရေးအင်အားစု ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည် ။
ရွာသားများသည် တိုက်ပွဲ မဖြစ်မီကတည်းက ရှောင်တိမ်းနေကြရသဖြင့် လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားထိခိုက်မှုမရှိဟု သိရသော်လည်း ရပ်ရွာအတွင်း အဆောက်အအုံထိခိုက်ပျက်စီးမှုကိုမူ မသိရသေးကြောင်း ဒေသခံများကပြောပြသည် ။
“လေယာဥ် က ဗုံးသီးတွေကို တောစပ်အနားဘက် ကြဲချတယ် ။ စက် သေနတ်နဲ့လည်း ပစ်ချတယ် ။ ရွာသားတွေကတော့ တိုက်ပွဲ မဖြစ်ခင်ကတည်းက ရှောင်နေကြရတာမျိုးရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည် ။
ဝါးရစ်ရွာ၊ ပိန်းတောပြင် စစ်ကောင်စီ ရှေ့တန်းစခန်းသည် ပြီးခဲ့သည့်နှစ်က စတင်တည်ဆောက်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကိုလည်း မကြာခဏခံရလေ့ရှိကာ ဘန်ကာ၊ ဆက်သွယ်ရေးမြောင်းစသဖြင့် စစ်ရေးဆိုင်ရာ အကာအကွယ်များအခိုင်အမာ ပြုလုပ်ထားသည်ကို မြင်တွေ့ရကြောင်း တိုက်ပွဲတွင်ပါဝင်သည့် ရဲဘော်များ၏ ပြန်လည်ပြောပြချက်အရသိရသည် ။
ယနေ့ မေလ ၆ ရက်နေ့ ညနေပိုင်းအထိ စစ်ကောင်စီ ဘက်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်သံများကြားနေရဆဲဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း တော်လှန်ရေးအင်အားစု များကဆိုသည်။