BREAKING
May 6, 2025

မြိတ်တွင် လှေလုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံး

May 6, 2025

ပုံစာ - မေလ ၆ ရက် နံနက်တွင် ဓာတ်လိုက်သေဆုံးသူအား ရင်ခွဲရုံပို့ဆောင်နေစဥ် ။ ဓာတ်ပုံ - ဝဋံသက။

မြိတ်မြို့၊ ကလွင်ရပ်ကွက်တွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက အသက် ၂၈ အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးသွားကြောင်း ကာယကံရှင် မိသားစုနှင့် ကူညီဆောင်ရွက်ပေးနေသည့် နာရေးကူညီမှု အဖွဲ့ထံမှသိရသည်။

သေဆုံးသူသည် ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာမှ လှေလုပ်သား ကိုဇော်လွင် ဖြစ်ပြီး မြိတ်မြို့တွင် လှေခေတ္တနားနေစဥ် တည်းခိုနေသည့် နေရာ၌ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦး ကပြောသည်။

“မနက်က ရေချိုးမယ့်နေရာကို ရေဖြည့်ဖို့ ရေစုပ်စက်မှာ ရေသွားတင်ရင်း ချော်လဲပြီး လျှပ်စစ်မီးကြိုးကို ဖမ်းဆွဲရာကနေ ဓာတ်လိုက်သွားတာပါ” ဟု ၎င်းကပြောသည် ။

ဓာတ်လိုက်ပြီးနောက် ချက်ချင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံ တွင် ကွယ်လွန် သွားသဖြင့် ကိုဇော်လွင်၏ ရုပ်အလောင်းကို ရင်ခွဲရုံသို့ပို့ဆောင်ပေးရန် ဆေးရုံမှအကူအညီတောင်းသဖြင့် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း မြို့ခံနာရေးကူညီမှုအသင်းတစ်ခုက ပြောပြ သည် ။

ထားဝယ်မြို့ နှင့် မြိတ်မြို့တို့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ နှင့် လျှပ်စစ်တပ်ဆင်သည့် လုပ်ငန်းများ၌ ဓာတ်လိုက်သည့် ဖြစ်စဥ်များ ဖြစ်ပွားလေ့ရှိပြီး ဖြစ်စဥ်အားလုံးနီးပါးတွင် ဓာတ်လိုက်သူများ သေဆုံးခဲ့သည်ကို မှတ်တမ်းများအရ တွေ့ရသည်။