ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချပြီးနောက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။
ယနေ့(မေလ ၆ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလောပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ဂျက်ဖိုက်တာနဲ့ လာကြဲသွားတယ်။ ဇရပ်ဆိပ်ရွာထဲကျတယ်” ဟု ၎င်းက ပြောသည်။
တိုက်လေယာဉ်ဖြင့် ကြဲချသည့်ဗုံးက ဇရပ်ဆိပ်ရွာ ဘောလုံးကွင်းအနီးရှိ ဥယျာဉ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးမကြဲမီ ဒရုန်းတစ်စီးဖြင့် ဗုံးသီး ၃ လုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သေးကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။
“ဒရုန်းက ဘောလုံးကွင်းနားမှာ အရင်(ဗုံး)ချပြီးမှ နောက်တစ်ချီ လေယာဉ်(ဗုံး)လာချတာ”ဟု ၎င်းက ဆိုသည်။
အထက်ပါ တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း နေအိမ်နှင့် လူသူထိခိုက်မှုမရှိကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။
ဇရပ်ဆိပ်ကျေးရွာမှာ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းပေါ်တွင်ရှိပြီး ပလမြို့နှင့် မနီးမဝေးတွင် တည်ရှိသည်။
ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ပုလောမြို့နယ်အတွင်းရှိ တပိုကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းခဲ့သည့် အဆိုပါဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာက တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စက်တော်ရာကျေးရွာအနီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားကြောင်း ပုလောပကဖထံမှ သိရသည်။