တောင်းကိုးရီယား နိုင်ငံရောက် ထားဝယ်လူငယ်အသင်း(DYKO) တည်ထောင်ခြင်း ဆယ်နှစ်ပြည့် အခမ်းအနားကို ပြီးခဲ့သည့် မေလ ၄ ရက် နေ့က တောင်ကိုးရီးယားနိုင်ငံ ဖိုချွန်းအားကစားကွင်း ၌ကျင်းပခဲ့သည်။
အခမ်းအနားကို မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိကျင်းပခဲ့ပြီး တက်ရောက်လာသူများကို ထားဝယ်ရိုးရာ မုန့်များဖြစ်သည့် ထားဝယ်မုန့်ဟင်းခါး၊ သနပ်သုပ်၊ ထားဝယ်မုန့်လက်သုပ်များဖြင့် ဧည်ခံ ကျွေးမွေးခဲ့ကြောင်း ထားဝယ်လူငယ်အသင်း(DYKO) တာဝန်ရှိသူတစ်ဦးကပြောသည်။
“လက်ဆင့်ကမ်းပြီး အသင်းကို တာဝန်ယူခဲ့လို့ ဆယ်နှစ်အထိ ရောက်လာတဲ့အတွက် အသင်းသားအားလုံး ပူးပေါင်းပါဝင်မှုကိုလည်း အားရကျေနပ်မိပါတယ်”ဟု အသင်းတာဝန်ရှိသူက ပြောသည်။
ဆယ်နှစ်ပြည့် အခမ်းအနားကို အသင်းသူအသင်းသားများအပါအဝင် ပရိသတ် တစ်ရာ ကျော် တက်ရောက်ခဲ့ပြီး ထားဝယ်လေးမြို့နယ် ကိုယ်စားပြု ဘောလုံးပွဲများကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။















ဘောလုံးပြိုင်ပွဲတွင် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့ နယ် ကိုယ်စားပြု အသင်းများ ယှဉ်ပြိုင်ကစားခဲ့ကြရာ သရက်ချောင်းမြို့နယ် ကိုယ်စားပြုဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲခဲ့ကြောင်း အထက်ပါအသင်းတာဝန်ရှိသူက ပြောသည်။
ကိုးရီးယားရောက် ထားဝယ်လူငယ်အသင်းကို ၂၀၁၄ ခုနှစ် မေလတွင် အသင်းဝင် ၄၉ ဦးဖြင့် စတင်ထူထောင်ခဲ့ပြီး ပြည်တွင်းပြည်ပ လူသားချင်းစာနာမှုနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လာခဲ့ရာ ယခုလ ၄ ရက် နေ့တွင် ဆယ်နှစ်ပြည့်ပြီဖြစ်သည်။
ထားဝယ်လူငယ်အသင်းသည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ဘေးအတွက် မန္တလေးတိုင်းနှင့် အင်းလေးဒေသများသို့ ကူညီထောက်ပံ့ငွေ ကျပ်သိန်း ၂၇၀ ကျော်လှူဒါန်းခဲ့သည်။