BREAKING
May 6, 2025

စားကုန်သယ်ခွင့်ပိတ်ထားသည့် တကူရွာတွင် အိမ်ကြက်တစ်ပိဿာ ကျပ်တစ်သောင်းကျော်ခုန်တက်

May 6, 2025

ဓာတ်ပုံ - Dawei Watch

စစ်ကောင်စီတပ်က စားသောက်ကုန်သယ်ဆောင်ခွင့်ကန့်သတ်ပိတ်ပင်ထားသည့် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုတွင် အိမ်ကြက်သား တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော် ခုန်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မြို့မှ တကူကျေးရွာအုပ်စုသို့သွားရာလမ်းပိုင်းရှိ ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဈေးဆိုင်ကယ်နှင့် ဈေးကားများ ဖြတ်သန်းခွင့်ကို ဧပြီလ ၂၅ ရက်က စတင်ကန့်သတ်ပိတ်ပင်ခဲ့သည်။

ထို့အပြင် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များကလည်း စားနပ်ရိက္ခာအပါအဝင် စက်သုံးဆီနှင့် ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ်ထားသည်။

အဆိုပါဒေသတွင်စားသုံးသည့် မွေးမြူရေးကြက်များကို မြိတ်မြို့တွင်ဝယ်ယူကာ တကူရွာတွင် ပြန်လည်ရောင်းချကြပြီး လက်ရှိတွင် ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားသဖြင့် အိမ်ကြက်သားကိုပင် အဓိကထား စားသောက်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုကြောင့်လည်း အိမ်ကြက်ဈေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

”သွားမရ လာမရဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် စျေးတက်ရင်း အိမ်ကြက်သားကို လေးသောင်း(ကျပ်)အထိပေးပြီး ဝယ်စားနေရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ဧပြီလဆန်းက အိမ်ကြက်တစ်ပိဿာလျှင် ၂၈,၀၀၀ ကျပ် စျေးရှိရာက လက်ရှိအချိန်တွင် ကျပ် ၄၀,၀၀၀ အထိ ဈေးပေါက်နေကြောင်း ဒေသခံများက ဆိုသည်။

“တကူကို ဝင်နိုင်တဲ့လမ်းတွေကို အကုန်ပိတ်ပစ်လိုက်တယ်။ စျေးသည်တွေလည်း တက်လာမရတော့ အသားတွေက ရှားလာတယ်လေ။ အဲဒီတော့ စျေးတက်တာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် အိမ်ကြက်အပြင် အခြားမီးဖိုချောင်သုံးကုန်များ ဈေးတက်နေပြီး ဝက်သားမှာလည်း တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်အထိ စျေးတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စားသုံးဆီ တစ်လီတာတစ်ဘူးလျှင် ၆,၅၀၀ ကျပ်မှ ၈,၅၀၀ ကျပ်အထိလည်းကောင်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၅,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ်အထိလည်းကောင်း ဈေးတက်နေသည်။