BREAKING
May 6, 2025

မြိတ်တွင် ‌သဲကျောက်တင်ကားတိုက်မိ၍ ကလေးတစ်ဦးသေဆုံး

May 6, 2025

ဓာတ်ပုံ - အောင်မင်္ဂလာကျန်းမာရေးအထောက်အကူပြုအသင်း။

မြိတ်မြို့၊ ကုန်းဖောက်ရပ်ကွက်၊ ကုန်းဖောက်တံတားအနီးတွင် သဲ၊ ကျောက်တင်ကား တိုက်မိပြီး အသက် ၄ နှစ်ဝန်းကျင် အရွယ် ကလေးငယ်တစ်ဦးသေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။

မေလ ၅ ရက် ညနေတွင် သဲကျောက်ကားဖြင့် အတိုက်ခံရသည့်ကလေးငယ်သည် နေရာတွင်ပင် ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးကြောင်း မျက်မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“ညနေ့ဘက်ဆို ကုန်းဖောက်လမ်းမှာ ကလေးတွေ တအားရှုပ်တယ်။ ကား‌လာတဲ့အချိန်မှာ ကလေးက ဖြတ်ပြေးတာ ကားသမားက အရှိန်မထိန်းနိုင်ဘဲ တက်ကြိတ်သွားတယ်။ ကျွန်တော်ပြောတာ ဘယ်သူလွန်တယ်ဆိုပြီး ပြောတာမျိုး မဟုတ်ဘူးဗျ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

မြိတ်တွင် သဲကျောက်တင်ကား အများစုက အရှိန်ပြင်းစွာမောင်းနှင်လေ့ရှိကြောင်း မြို့ခံများက ဆိုသည်။

အခင်းဖြစ်ပြီးနောက် သဲကျောက်ကားမောင်းသူကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံအချို့က ပြောဆိုသည်။

ကလေး၏ရုပ်လောင်းကို မြိတ်မြို့ရင်ခွဲရုံသို့ သယ်ဆောင်သွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။