BREAKING
October 19, 2025

ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်

May 6, 2025

ရခိုင်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစော (ခေါ်) ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် မေလ ၅ရက်ညတွင် ကွယ်လွန်ကြောင်း နီးစပ်သည့် နိုင်ငံရေးအသိုင်းအဝိုင်းထံမှ သိရသည်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း အသက် ၇၂နှစ်အရွယ် ဦးဦးလှစောသည် လည်ချောင်း ကင်ဆာရောဂါကို ဆေးကုသမှု ခံယူနေစဉ် မေလ ၅ရက် ည ၁၁နာရီကျော်တွင် ကွယ်လွန်ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦးဦးလှစောသည် အာရက္ခတပ်တော် (AA/ULA) တွင် နိုင်ငံရေးမှူး တာဝန်ယူခဲ့သည်။ ၂၀၂၂ခုနှစ်က စစ်ကောင်စီပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားကို AA/ULA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

ဦးဦးလှစောသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တွင် ပါဝင်ခဲ့ပြီး စစ်အစိုးရက ပါတီကို ဖျက်သိမ်းခဲ့သည်။

ယင်းနောက် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ရာတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

၂၀၁၅ခုနှစ်တွင် ALD နှင့် RNDP ရခိုင်နှစ်ပါတီကို ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်းရေးတွင်လည်း ဦးဆောင်ပါဝင်ခဲ့ပြီး ANP ပါတီတွင် မူဝါဒရေးရာဦးဆောင်ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

Photo – Mgkhine Aung