ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အစ္စရေးက အီရန်၏ အကြီးဆုံးရေနံဓာတုစက်ရုံကို ပစ်ခတ်တိုက်ခိုက်

April 6, 2026

ပုံစာ - တိုက်ခိုက်မခံရမီ South Pars ဓါတ်ငွေ့လုပ်ကွက်

အစ္စရေးနိုင်ငံက အီရန်နိုင်ငံရှိ အဓိက သဘာဝဓါတ်ငွေ့သိုလှောင်ရာ South Pars ဓါတ်ငွေ့လုပ်ကွက်ရှိ ရေနံဓာတုစက်ရုံကြီးကို ယနေ့တွင် ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

South Pars ဓါတ်ငွေ့လုပ်ကွက်ဆိုသည်မှာ ပါရှန်းပင်လယ်ကွေ့တွင် တည်ရှိသော ကမ္ဘာ့အကြီးဆုံး သဘာဝဓါတ်ငွေ့သိုလှောင်ရာ နေရာတစ်ခုဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံက မျှဝေသုံးစွဲနေသော နေရာလည်းဖြစ်သည်။

နိုင်ငံ၏ အကြီးဆုံး ရေနံဓါတုစက်ရုံကြီး တိုက်ခိုက်ခံရကြောင်းနှင့် တိုက်ခိုက်မှုကြောင့် လုံခြုံရေးအစောင့်တပ်က နှစ်ဦး သေဆုံးကြောင်း အီရန်ဘက်က အတည်ပြုထားသည်။

အဆိုပါတိုက်ခိုက်မှုသည် အီရန်နိုင်ငံ၏ အဓိကဝင်ငွေကို ဖြတ်တောက်နိုင်ရန် ရည်ရွယ်ကြောင်း အစ္စရေးဘက်က ပြောသည်။

တိုက်ခိုက်ခံရသော South Pars ဓါတ်ငွေ့လုပ်ကွက်သည် အီရန်နိုင်ငံ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုအတွက် အရေးကြီးသော နေရာတစ်ခုဖြစ်သည်။

ဟော်မုဇ်ရေလက်ကြားကို မဖွင့်ပေးပါက လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပြီး နောက်တစ်နေ့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဧပြီလ ၇ ရက်နေ့အထိ ဟော်မုဇ်ရေလက်ကြားကို မဖွင့်ပေးပါက အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားဆိုင်ရာ အဆောက်အအုံများကို အဓိကပစ်မှတ်ထား၍ တိုက်ခိုက်မည်ဖြစ်ပြီး နိုင်ငံကို ကျောက်ခေတ်ကို ပြန်ပို့မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသည်။

ယနေ့ အစ္စရေးတိုက်ခိုက်မှုသည် ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုနှင့် သက်ဆိုင်ခြင်း ရှိမရှိ မသိရသေးပေ။

ယခုအစ္စရေးတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်ဘက်က သီးခြားထုတ်ပြန်ခြင်း မရှိသေးသလို ဟော်မုဇ်ရေလက်ကြားကို ဖွင့်ရန် နောက်ဆုံးရက်ကို ထပ်တိုးပေးမပေး မသိရသေးပေ။

လက်ရှိတွင် အီရန်စစ်ပွဲကို ၄၅ ရက်ကြာ အပစ်ရပ်ရေးနှင့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးအတွက် အီဂျစ်၊ ပါကစ္စတန်နှင့် တူရကီနိုင်ငံများက ကြားဝင်ညှိနှိုင်းပေးနေကြောင်း သတင်းများတွင် ပါရှိသည်။

Ref: AP, CNN, REUTERS