ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းမြောက်ပိုင်း ခရိုင်များတွင် မိုးစရွာ၊ တောမီးမရှို့ကြရန် သတိပေး

April 6, 2026

လေထုညစ်ညမ်းမှု ဆိုးရွားစွာဖြစ်နေသော ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်နှင့် လမ်ဖွန်ခရိုင်များတွင် ယနေ့ ညနေပိုင်း၌ မိုးစတင် ရွာသွန်းပြီဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်သည်။

ချင်းမိုင်ခရိုင်ရှိ အုံးကွန်၊ ဟွတ်၊ မယ်အိုင်း၊ မယ်ကျန်း၊ ကျွန်ထွန်းတို့တွင်လည်းကောင်း ချင်းရိုင်ခရိုင်ရှိ မယ်ဆွိုင်၊ ချင်းရိုင်မြို့တွင်လည်းကောင်း၊ လမ်ဖွန်ခရိုင်ရှိ ဘန်းဟော့တွင်လည်းကောင်း ယနေ့ညနေပိုင်းတွင် မိုးစတင်ရွာသွန်းပြီဖြစ်ကြောင်း သိရသည်။

ချင်းမိုင်ခရိုင်ရှိ အုံးကွန်ဒေသတွင် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်တွင် မိုးစတင်ရွာသွန်းခဲ့ပြီး လေပြင်းနှင့် လျှပ်စီးလက်ခြင်းများလည်း ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းပြီးနောက် အုံးကွန်ဒေသရှိ တောမီးလောင်နေမှုနှင့် လေထုညစ်ညမ်းမှုကို သိသိသာသာ သက်သာကျဆင်းသွားစေခဲ့ကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် မိုးရွာသွန်းစေရန်အတွက် ယနေ့နံနက်နှင့် နေ့လယ်ပိုင်းတွင် အာဏာပိုင်များက လေယာဉ်ငယ် ၇ စီးဖြင့် ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်နှင့် လမ်ဖွန်ခရိုင်များပေါ်သို့ ပျံသန်းကာ လုပ်ဆောင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

လေယာဉ်ငယ်များသည် ရေခဲခြောက်ကို အသုံးပြု၍ မီးခိုးမြူများကို ပျံ့နှံ့သွားစေကာ ပူနွေးသောလေထုအလွှာကို ဖြိုခွဲခဲ့ကြောင်း သိရှိရသည်။

ထိုင်းမြောက်ပိုင်း ချင်းမိုင်အပါအဝင် အနီးခရိုင်များတွင် မိုးအတုရွာသွန်းစေရန်အတွက် ဧပြီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ အာဏာပိုင်များက လေယာဉ်ငယ်များဖြင့် ဓါတုပစ္စည်းများကို အသုံးပြု၍ တိမ်တိုက်များကို ဖန်တီးခြင်း၊ လေထုအလွှာများကို ဖြိုခွဲခြင်း၊ မီးခိုးမြူများကို ပျံ့နှံသွားစေခြင်း စသော နည်းလမ်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းမြောက်ပိုင်း ခရိုင်အများစုတွင် တောမီးမရှို့ရန် သတိပေးတားမြစ်ထားပြီး အကယ်၍ တောမီးရှို့နေသည်ကို တွေ့ရှိ၍ တိုင်ကြားပါက ဆုငွေ ဘတ် ၁၀၀၀၀ ချီးမြင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref: Chiangmai News