ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၄၅ ရက်ကြာ အပစ်ရပ်ရန် အမေရိကန်နှင့် အီရန် ကြိုးပမ်းနေ

April 6, 2026

အီရန်စစ်ပွဲကို ၄၅ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရန်အတွက် သတ်မှတ်စည်းကမ်းချက်များကို အမေရိကန်၊ အီရန်နှင့် ဒေသတွင်းကြားဝင်စေ့စပ်သူများ ဆွေးနွေးလျက်ရှိကြောင်း Axios သတင်းဌာနက ဧပြီလ ၅ ရက်နေ့တွင် ဖော်ပြသည်။

အဆိုပါ ယာယီအပစ်အခတ်ရပ်စဲရေးမှာ ဖြစ်လာရန် အလားအလာရှိနေပြီး စစ်ပွဲအပြီးတိုင် ရပ်တန့်ရေးအထိပါ ဦးတည်သွားစေနိုင်ခြေရှိကြောင်း ယင်းသတင်းဌာနက အမေရိကန် ၊ အစ္စရေးနှင့် ဒေသတွင်းသတင်းအရင်းအမြစ် လေးခုကိုကိုးကား ဖော်ပြသည်။

အီရန်စစ်ပွဲအရေးတွင် ကြားဝင်စေ့စပ်ပေးသူများသည် အဆင့်နှစ်ဆင့် ပါဝင်သည့် အပစ်ရပ်သဘောတူညီချက်တစ်ခုကို ဆွေးနွေးနေကြကြောင်း ၊ ပထမအဆင့်မှာ ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲထားရန်ဖြစ်ပြီး ယင်းအပစ်ရပ်ကာလအတွင်း စစ်ပွဲအပြီးတိုင်ရပ်တန့်ရေးအတွက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဒုတိယအဆင့်တွင်မူ အီရန်စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရယူသွားဖွယ်ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြပါရှိသည်။

အကယ်၍ ဆွေးနွေးမှုများအတွက် အချိန်ပိုမိုလိုအပ်ပါက အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်သွားနိုင်ခြေရှိကြောင်းလည်း ဖော်ပြပါရှိသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ၎င်းတို့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ယင်းသတင်းနှင့် ပတ်သက်၍ အိမ်ဖြူတော်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးကြောင်းလည်း ဖော်ပြထားသည်။

အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ဧပြီလ ၇ ရက်နေ့ ညနေပိုင်းမတိုင်ခင် မဖွင့်ပေးလျှင် အီရန်၏ အဓိကအခြေခံအဆောက်အအုံများကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၅ ရက်နေ့တွင် The Wall Street Journal ကို ပြောကြားခဲ့သည်။

Source: Reuters