ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဟာချိုင်တွင် သေနတ်ပြ ခြိမ်းခြောက်သော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

April 6, 2026

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ပစ္စတိုသေနတ်ပြပြီး ခြိမ်းခြောက်နေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဧပြီလ ၅ရက် ည ၈ နာရီခန့်က မဟာချိုင်ဒေသရှိ အလုပ်သမားအဆောင်တစ်ခုတွင် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းစန်းခိုင်ကို လဝကရဲတပ်ဖွဲ့က သတင်းရ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းကို ဖမ်းဆီးစဉ် သေနတ်တစ်လက်၊ သေနတ်ကျည်အိမ် နှစ်ခုနှင့် ကျည်ဆန်များကို တွေ့ရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါအမျိုးသမီးသည် အဆောင်ထဲတွင် ပစ္စတိုသေနတ်ထုတ်ပြ၍ ခြိမ်းခြောက်လေ့ရှိသဖြင့် အခြားမြန်မာနိုင်ငံသားများအပြင် အဆောင်မန်နေဂျာပါ ကြောက်ရွံ့နေကြရကြောင်း ဆိုသည်။

ယင်းကြောင့် အဆောင်မန်နေဂျာက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် မြန်မာအမျိုးသမီးကို ခွင့်ပြုချက်မရှိဘဲ သေနတ်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ထားပြီး စမွတ်စခွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Naewna, Cop Magazine