ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရုရှားနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများကို လျှော့ချရေး ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဧပြီလ ၅ ရက်တွင် ပြောသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် အခြေခံအကျဆုံး နည်းလမ်းမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးပင်ဖြစ်ကြောင်း ဝမ်ယိက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသရှိ ပြဿနာများကို တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲတစေ တိုက်တွန်းအားပေးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားနှင့် ပတ်ဝန်းကျင်ဒေသများရှိ ကုန်သွယ်ရေးသင်္ဘောများ ဘေးကင်းလုံခြုံရေးအတွက် ဘာရိန်းနိုင်ငံက တင်သွင်းထားသည့် ဆုံးဖြတ်ချက်အဆိုကို လာမည့်သီတင်းပတ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ရန် ရှိသည်။
ယင်းမဲခွဲမှု မတိုင်မီ တရုတ်နှင့် ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အလျောက် ဘက်လိုက်မှု မရှိဘဲ မျှတသည့် ချဉ်းကပ်မှုမျိုး ကျင့်သုံးသင့်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ နားလည်မှုနှင့် ထောက်ခံမှုကို ပိုမိုရရှိရန် ကြိုးပမ်းသင့်သည်ဟု ဝမ်ယိက လက်ဗရော့ဗ်အား ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ ဝန်ကြီးနှစ်ဦးသည် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်မည့် နည်းလမ်းများ၊ နိုင်ငံရေးနှင့် သံတမန်ရေးအရ တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ အကြောင်းမဲ့ ကျူးကျော်ရန်စမှုများနှင့် ဆက်နွယ်နေသည့် အခြေအနေများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စအတော်များများတွင် ရုရှားနှင့် တရုတ်တို့၏ ချဉ်းကပ်ဆောင်ရွက်ပုံများ တူညီနေသည့်အပေါ် ကျေနပ်အားရမိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် တောင်းဆိုထားသည်။
တစ်လကျော်ကြာမြင့်လာသည့် အီရန်စစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရာတွင် အလွန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားသည် ပိတ်ဆို့ခံနေရပြီး ယင်းတိုက်ပွဲများကို ရပ်တန့်ရန်လည်း တရုတ်က တိုက်တွန်းထားသည်။
Source: Reuters







