ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖမ်းဆီးခံရသည့် မိသားစုဝင်ထံ လိုက်တွေ့သည့် မိခင်နှင့် အစ်မဖြစ်သူပါ ထပ်မံဖမ်းဆီးခံရ

April 6, 2026

မြိတ်မြို့တွင် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးကို နေအိမ်တွင် စစ်အာဏာရှင်တပ်သားများက လာရောက် ဖမ်းဆီးသွားသဖြင့် မိခင်နှင့် အစ်မဖြစ်သူ သွားရောက်တွေ့ဆုံရန် ကြိုးပမ်းစဉ် ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူ မိသားစုမှာ မြိတ်မြို့နယ်၊ ရမ်းဖိုကျေးရွာဒေသခံများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အသက် ၂၀ အရွယ် အမျိုးသမီးမှာ မြိတ်မြို့တွင် နေထိုင်သည် သုံးလခန့်သာရှိသေးပြီး ၎င်း၏ မိခင်နှင့် အစ်မ တို့မှာ ရမ်းဖိုကျေးရွာတွင် နေထိုင်ကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၂ရက်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ်တွင် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်သားများမှ ဖမ်းဆီးကြောင်း ရမ်းဖိုရွာဒေသခံတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၃ရက်တွင် မိခင်နှင့် အစ်မတို့ ရမ်းဖိုရွာမှ မြိတ်မြို့သို့ လိုက်သွားရာ ရွှေပြည်တန် ရပ်ကွက်ရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း ၎င်းက ဆိုသည်။

“ညီမ ဖမ်းဆီးခံရလို့ အစ်မနဲ့ မယ် (မိခင်) လိုက်သွားတာ သူတို့ကိုပါ ဖမ်းလိုက်တယ်။ ပြန်မလွတ်သေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

အထက်ပါ အမျိုးသမီးသုံးဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်နှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ရမ်းဖိုရွာ ဒေသခံအခြားတစ်ဦးက ပြောဆိုသည်။

မိခင်ဖြစ်သူမှာ အသက် ၅၀ကျော်အရွယ်ဖြစ်ပြီး အစ်မဖြစ်သူမှာ အသက် ၂၀ကျော်အရွယ်ဖြစ်ကြောင်း ၎င်းက ပြောသည်။