စစ်ခေါင်းဆောင် ရွေးချယ်လိုက်သည့် တနင်္သာရီတိုင်း စစ်ဝန်ကြီးချုပ်သစ်မှာ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်သည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြီးနောက် ခေါ်ယူလိုက်သော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးဝန်ကြီးချုပ်သစ်ကို ဧပြီလ ၁၂ ရက်နေ့တွင် အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။ အမည်က ဦးဇော်နိုင်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်။
ကြံ့ခိုင်ရေးပါတီသို့ ရွေးကောက်ပွဲနီးချိန်တွင်မှရောက်ပြီး သီးခြားမဲဆန္ဒနယ် မရှိသူ ဦးဇော်နိုင်ဦး ဆိုသည်မှာ မည်သူနည်း။
ဦးဇော်နိုင်ဦးသည် စစ်အင်ဂျင်နီယာတပ်တွင် ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က သီရိပျံချီဘွဲ့ အပ်နှင်းထားသည်။ OTS အပတ်စဉ် ၈၃ ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦးကို စစ်အုပ်စု၏ ရွေးကောက်ပွဲအပြီး တတိယအကြိမ်လွှတ်တော်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်သည်။
၎င်းသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်အတွက် ကြံ့ခိုင်ရေးပါတီမှ အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်ဖြင့် အရွေးချယ်ခံရသူဖြစ်သည်။
ဦးဇော်နိုင်ဦးက ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်တွင် မွေးဖွားပြီးနောက် ငယ်စဉ်ကတည်းက ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားသည်။ ၎င်း၏ ဖခင် ဦးဖေအေးမှာ မောင်ဗမာဖေအေးဟု လူသိများပြီး အသက် ၉၂ နှစ်ရှိပြီဖြစ်ကာ ရန်ကုန်မြို့ရှိ ထားဝယ်အသင်း၏ နာယကတစ်ဦးဖြစ်သည်။
ဦးဇော်နိုင်ဦးတွင် မွေးချင်း လေးဦးရှိကာ တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူအချို့က ပြောသည်။ ဦးဇော်နိုင်ဦး၏ ဇနီးဖြစ်သူ ဒေါ်သီတဂူဇေယျက မြန်မာ့အသံတွင် သတင်းကြေညာသူ၊ အစီအစဉ်တင်ဆက်သူ (ဦးစီးအရာရှိ) ဖြစ်ပြီး သားသမီး ထွန်းကားခြင်းမရှိပေ။
ဦးဇော်နိုင်ဦးသည် ထားဝယ်မိတ်ဆွေများနှင့် တွေ့ဆုံချိန်တွင် ထားဝယ်စကားပြောလေ့ရှိသူ ဖြစ်သည်။
၎င်းသည် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာ B.E (Civil) ဘွဲ့ကို ၁၉၈၇ ခုနှစ်တွင် ရရှိပြီးနောက် သုံးနှစ်ခန့် အကြာတွင် Officers Training School (OTS) စစ်အရာရှိသင်တန်းကျောင်း တက်ပြီးနောက် စစ်အရာရှိ ဖြစ်လာသည်။
“အင်ဂျင်နီယာဖြစ်ပြီးမှ စစ်ထဲဝင်တယ်။ အခြား OTS ဆင်းတွေနဲ့စာရင် သူက နည်းနည်း အသက်ကြီးတယ်” ဟု ဦးဇော်နိုင်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၁၉၉၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်ဝန်းကျင်တွင် ထားဝယ် သဗြေချောင်းတပ်နယ်ရှိ စစ်အင်ဂျင်နီယာတပ်တွင် ဗိုလ်မှူး ရာထူးဖြင့် တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး (ကက ယာ) တွင် ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည်ကို မှတ်တမ်းများအရ သိရသည်။
ဦးဇော်နိုင်ဦးသည် အရပ်ဖက် မပြောင်းမီက ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးခံရပြီး စစ်ခေါင်းဆောင်၏ ယုံကြည်မှုကို ရခဲ့သူဖြစ်ကြောင်း အထက်ပါနီးစပ်သူက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသတတ်သည့် နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော် တည်ဆောက်ရေး တာဝန်ခံလည်းဖြစ်သည်။ ထိုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းကို သီရိပျံချီဘွဲ့ပေးခဲ့သည်။
“သူ့ကို စစ်ခေါင်းဆောင်က ကြိုက်တယ်။ သွားတဲ့နေရာမှာ ပါနေတယ်။ အဓိကကတော့ ဘုရားတည်ရာမှာ နာမည်ရသွားတယ်” ဟု ဦးဇော်နိုင်ဦးအကြောင်း သိရှိသူတစ်ဦးက ဆိုသည်။
ထို့အပြင် စစ်အစိုးရခေါင်းဆောင်ဖြစ်သည့် ဦးသန်းရွှေလက်ထက်က တည်ထားခဲ့သည့် ဥပ္ပါတသန္တိစေတီတည်ရာတွင်လည်း ၎င်းပါဝင်ခဲ့ကြောင်း ၎င်းကပြောသည်။ ၂၀၀၆ ခုနှစ်တွင် စတင်အုတ်မြစ်ချပြီး ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တည်ရာမှ စစ်တပ်အတွင်း နာမည်ကောင်းရလာသူဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဥပ္ပါတသန္တိစေတီတည်ကတည်းက သူလုပ်လာတာ။ အဲဒီအချိန်တုန်းကဆိုရင် ဒုညွှန်လောက်ပေ့ါ” ဟု ၎င်းက ပြောသည်။ သို့သော် ဥပ္ပါတသန္တိစေတီတည်ထားချိန်က ၎င်းပါဝင်ခဲ့ဖူးသည့် သီးခြား အချက်အလက်ကို မတွေ့ရပေ။
လူသိများသော တနင်္သာရီ သက်တော်ရှည် ဝန်ကြီးချုပ် ဦးမြတ်ကိုမှာ တနင်္သာရီလွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလိုက်ပြီး ပို၍ငယ်ရွယ်သော ဦးဇော်နိုင်ဦးကို ဝန်ကြီးချုပ် ခန့်လိုက်သည်။ ယင်းကြောင့် ပိုအတွေ့အကြုံရှိသူများ၏ ထိန်းကျောင်းမှုဖြင့် ငယ်ရွယ်သူများကို စီမံအုပ်ချုပ်ရေးနေရာ ပေးလိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်ချက်များရှိသည်။
တနင်္သာရီတိုင်း ကြံ့ခိုင်ရေးပါတီ၏ အချိုးကျကိုယ်စားပြုစနစ်နေရာတွင် အရေးပါဆုံးဖြစ်သည့် ထိပ်ဆုံး နံပါတ်တစ်နေရာမှ ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ဦးဇော်နိုင်ဦးမှာ စစ်ဘက်မှ ဆင်းလာသော မိုးကျရွှေကိုယ် တစ်ဦးဖြစ်သည်။ အများပြည်သူအကြား များစွာလူသိနည်းသူလည်း ဖြစ်သည်။
“ဘယ်သူမှ မသိဘူးလို့ ဆိုနိုင်တယ်။ နိုင်ငံရေး စိတ်ဝင်စားသူလောက်ပဲ သိကြတာ” ဟု ထားဝယ်မြို့ခံ တစ်ဦးက ဆိုသည်။







