ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆီဈေးဂယက် ကုန်ဈေးတက်လို့ ပြည်သူတွေ စားရေးခက်

April 6, 2026

အရှေ့လယ်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲက တစ်လကျော်လာပြီဖြစ်သလို စက်သုံးဆီအကျပ်အတည်းကလည်း ပိုမိုဆိုးရွားလာနေသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာလည်း စက်သုံးဆီဂယက် ကြီးကြီးမားမား ကြုံတွေ့နေရပြီး ဓာတ်ဆီတစ်လီတာ ကျပ်သုံးသောင်းခန့်အထိ ပေးဝယ်ရသော ဒေသအချို့ရှိလာပြီဖြစ်သည်။

မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ကျေးရွာများတွင်တော့ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းကျော်မှ ကျပ်နှစ်သောင်းအထိ ဈေးနှုန်းအမျိုးမျိုး ပေးဝယ်ကြရသည်။

ပိုဆိုးသည်က ဒီဇယ်ဆီဈေးဖြစ်ပြီး ဈေးနှုန်းကြီးမြင့်သည့်အပြင် လိုသလောက် ဝယ်မရသည့် အခက်အခဲများ ကြုံတွေ့နေရသည်။

စက်သုံးဆီဂယက်ကြောင့် စားသောက်ကုန် စိုက်ပျိုးထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု အပေါ်သက်ရောက်မှု ကြီးကြီးမားမားဖြစ်လာပြီး ကုန်ဈေးနှုန်းက ဆက်တိုက်မြင့်တက်လာနေသည်။

အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ အသား၊ ငါးဈေးများမှာလည်း ဆက်တိုက်မြင့်တက်လာနေပြီး အခြေခံလူတန်းစားများ၏ ဝင်ငွေမှာမူ ပုံမှန်ထက်ပင် လျော့ကျလာနေသည်။

အချို့မှာ အလုပ်လက်မဲ့ဖြစ်နေပြီဖြစ်ရာ ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းဒဏ်ကို ခံနိုင်စွမ်းမရှိကြဘဲ စားရေးအတွက် အလွန်ခက်ခဲလာသော အခြေအနေကို ဆိုက်ရောက်လာနေသည်။

ထိုကြောင့် ပြည်သူများ ကြုံတွေ့နေသည့်အခက်အခဲ၊ ဝမ်းရေးအတွက် ရုန်းကန်နေရသည့်အခြေအနေများကို မေးမြန်းပြီး ယခုအပတ်တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။

“ရေရှည်ဆိုရင် ငတ်မှာပဲပေါ့ အကုန်လုံး”

မိသားစုဝင် ၄ ဦးရှိသည့် CDM ဝန်ထမ်းအိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၊ ထားဝယ်မြို့

DW ။ အခုဆီဈေးတက်လာပြီးချိန်မှာ ထားဝယ်က ကုန်ဈေးနှုန်းအခြေအနေတွေက ဘယ်လိုရှိလဲ။

ဖြေ ။ ကုန်ဈေးနှုန်းက မိုးပေါ်ရောက်သွားပြီ။ ရဲရင့်အောင်ပေါ်ဆန်းမွှေး(ဆန်)တစ်အိတ်ကို (ကျပ်) ကိုးသောင်းဖြစ်သွားပြီ။

DW ။ အခုဆိုဆီဈေးတက်ပြီးနောက်မှာ သာမန်သုံးနေရတဲ့ ထမင်းစာ(မီးဖိုချောင်သုံး) စရိတ်က ဘယ်လောက်ပိုများသွားလဲ။

ဖြေ ။ မနည်းပိုသွားတာပေါ့ကွယ်။ ငါးလုံးတစ်ကောင်ကို ၃၅၀၀(ကျပ်)ဖြစ်သွားပြီလည်းကွယ်။ ဆီဈေးမတက်ခင်က တစ်ရက်ကို တစ်သောင်း(ကျပ်) လောက်ကုန်တာပေါ့။ အခုဆိုရင် တစ်သောင်းခုနစ်ထောင်လောက်ကုန်နေတယ်။

DW ။ ဒါဆိုရင် အခုလိုမျိုးဈေးတက်လာတဲ့အတွက် ခြုံးခြံချွေတာလာရတာမျိုးရှိလာလား။

ဖြေ ။ ချွေတာရတာပေါ့။ အခုဆိုရင် ငါးဆိုရင် (ကျပ်)ခုနစ်ထောင်တန် သေးသေးလေးတစ်တုံးဝယ်စားလိုက်တာပေါ့။ ငါးအကောင်လိုက် ဝယ်မစားတော့ဘူး။ နောက်ပြီးဟင်းအမယ်တွေ လျော့လိုက်ရတာပေါ့။အရင်ကဆိုရင် ဆီပြန်ဟင်းချက်မယ်ဆိုရင် အကြော်အလှော်လေးနဲ့ ဟင်းချိုနဲ့၊ငါးပိဖျော်တို့စရာနဲ့ပေါ့နော်။ အခုကတော့ ဘာမှ လုပ်မစားတော့ဘူး။ ငါးတစ်မျိုးပဲချက်လိုက်တယ်။မလွယ်ဘူးလေ။ ကြက်သားဝယ်စားမယ်ဆိုရင် (ကျပ်)နှစ်သောင်း လောက်လိုတယ်။ အောက်ပိုင်းတစ်ပိုင်းဝယ်စားမယ်ဆိုရင် ၁၃၀၀၀(ကျပ်)လောက်လိုတယ်လေ။ ဆီဈေးမတက်ခင်က ဆိုရင် ၈၀၀၀ လောက်ပဲရှိသေးတယ်။

DW ။ သားတွေမှာရော အလုပ်မရှိဘူးလား။ လုပ်ခလစာကရော တိုးမလာဘူးလား။

ဖြေ ။ သားကို အလုပ်မသွားခိုင်းတော့ဘူး။ အလုပ်ကိုက တံတားတွေ (စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်) ဖြတ်ပြီးသွားရတော့ မလုပ်ခိုင်းတော့ဘူး။ လုပ်ခကလည်း မတိုးဘူးလေ။ တစ်လကို တစ်သိန်းရှစ်သောင်း(ကျပ်)ဆို တစ်ရက်မှ ၆၀၀၀ ပဲကိုး။ လစာလည်း မတိုးဘူး။

DW ။ ဒါဆိုရင် အခုက မိသားစုထဲ အလုပ်လုပ်နေတာ ဘယ်နှစ်ယောက်ရှိလဲ။

ဖြေ ။ အမျိုးသားတစ်ယောက်ပဲ အလုပ်ရှိတယ်။သူကလည်း ပုံသေဝင်ငွေမရှိဘူး။

DW ။ ဒါဆိုရင် ဝင်ငွေနဲ့ ကုန်တာနဲ့က စားလောက်သောက်လောက်ရှိရဲ့လား။

ဖြေ ။ အခုကမီးဖိုချောင်စရိတ်ဈေးတက်လာတော့ အကုန်လုံးချွေတာလိုက်ရတာပေါ့။အရင်ကဆိုရင် ကြက်သားမှုန့်သုံးသေးတယ်။ အခုဆိုရင် ကြက်သားမှုန့်မသုံးတော့ဘူး။ တစ်ထုပ်ကို ၇၅၀၀ (ကျပ်)ဖြစ်သွားပြီလေ။ အချိုမှုန့်ပဲ သုံးတော့တယ်။ အရင်ကဆိုရင် ကြက်သားမှုန့်နဲ့ အချိုမှုန့်နဲ့ရောပြီးသုံးတယ်။အခုက မသုံးတော့ဘူး။

DW ။ အခုပုံစံအတိုင်းသာ ရေရှည်ဖြစ်နေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ ။ ရေရှည်ဆိုရင် ငတ်မှာပဲပေါ့ အကုန်လုံး။ တစ်နေ့လုပ်တစ်နေ့စားသမားတွေအတွက်တော့ မလွယ်ဘူးလေ။ မိသားစုများရင် ပိုဆိုး။ အခုက ငါးဆိုရင် အနည်းဆုံး(ကျပ်)သောင်းဂဏန်းဝယ်ရတယ်အေး။ ငါးကြေသား (ငါးအသေးလေး)ပဲရှိသေးတယ် တစ်ပုံကို။ အရင်ကဆိုရင် အဲဒီငါးတစ်ပုံကို ဘယ်လောက်မှမရှိဘူးလေ။ ဆီဈေးမတက်ခင်ကဆိုရင် (ကျပ်)ငါးထောင်ဖိုးလောက်ဆိုရင် ငါးရပြီလေ။အခုက မရဘူးလေ။ တဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာဖို့ပဲရှိတယ်။

DW ။ ဒီလိုဖြစ်နေတော့ ကျန်းမာရေးဖြစ်လာရင် ဘယ်လိုလုပ်မလဲ။

ဖြေ ။ ဟိုနေ့က နေမကောင်းလို့ ဆေးခန်းသွားပြတာ ၃၉၀၀၀ (ကျပ်) ပေးရတယ်။ ဆေးတစ်လုံးထိုးတယ်။ သောက်ဆေး ၃ ရက်စာပေးလိုက်တယ်။စားမယ့်အထဲက ပါသွားပြန်ရော။

DW ။ အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။

“ခြံထဲသွားဖို့ ဓာတ်ဆီတစ်ဘူးတောင်မှ တစ်သောင်း နီးနီးရှိတယ်။ကွမ်းသီးတစ်ပိဿာတောင် အဲလောက်မရဘူး”

အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး၊ လေညာရွာ၊ ဘုတ်ပြင်းမြို့နယ်

DW ။ လက်ရှိ အလုပ်အကိုင်နဲ့ စားဝတ်နေရေးအခြေအနေ ဘယ်လိုရှိလဲရှင်။မိသားစုဝင်ကရော ဘယ်နှစ်ဦးရှိလဲရှင်။

ဖြေ ။ အလုပ်အကိုင်ကတော့ ဥယျာဉ်ခြံ လုပ်တာပါ။ကွမ်းသီးစိုက်တာပေါ့။စားဝတ်နေရေးကတော့ အဆင်မပြေပါဘူး။ မိသားစုဝင်နည်းတယ်ဆိုပေမယ့် ရတာနဲ့ကုန်တာ မကာမိပါဘူး။ ခြံထဲကိုထည့်ရတဲ့ အရင်းအနှီးကလည်း ပြန်ရတဲ့ ကွမ်းသီးဈေးနဲ့အကြွေးတောင်တင်တယ်။ ဆီဈေးတက်တော့ ဒီနှစ်ခြံတောင်ရှင်းနိုင်ပါ့မလားမသိဘူး။မိသားစုဝင်တော့ အားလုံး ၅ ယောက်ပါ။

‌DW ။ ကွမ်းခြံအလုပ်ကို ဘယ်အချိန်ကတည်းကလုပ်တာလဲရှင်။တခြားစီးပွားရေးဘာလုပ်သေးလဲရှင်။

ဖြေ ။ ကွမ်းခြံကတော့ လုပ်လာတာ ၁၀ စုနှစ်တစ်ခုပြည့်တော့မယ်။တခြားအလုပ်တွေကတော့ အရင်က ကုန်စုံဆိုင်ရောင်းတယ်။ အခုတော့ ဒီကွမ်းခြံတစ်ခုတည်းနဲ့ရပ်တည်နေပါတယ်။

DW ။ ကွမ်းခြံကရတဲ့ ဝင်ငွေနဲ့ အခုအခြေအနေအကျပ်အတည်းမှာမိသားစု ၅ ယောက်ရဲ့ စားဝတ်နေရေးအတွက် အဆင်ပြေလားရှင်။

‌ဖြေ ။ အရင်ကတော့ ဒီခြံကထွက်တဲ့ဝင်ငွေနဲ့ မိသားစုစားဝတ်နေရေးမက ကျောင်းသားတွေကိုလည်း မြို့မှာ ကျောင်းထားနိုင်တယ်။အခုက ကျောင်းသားတွေလည်း မရှိတော့ဘူး။ဒါပေမဲ့ စားဖို့အတွက်တောင် အဆင်မပြေပါဘူးကွယ်။ ကုန်ဈေးနူန်း သုံးဆ၊ လေးဆတောင်မဟုတ်ဘူး။ ဆယ်ဆလောက်တက်နေတာ။ဒီကြားထဲ ကွမ်းသီးဈေးကမငြိမ်။ တက်လိုက်ကျလိုက် ကျတာကပိုများတယ်။

DW ။ လက်ရှိမှာ ကွမ်းသီးဈေးက တစ်ပိဿာဘယ်ဈေးရှိလဲရှင်။ အခုကုန်ဈေးနှုန်းနဲ့ အရင်က ကုန်ဈေးနှုန်းကွာဟ ချက်လေးတွေ ပြောပြပါလားရှင်။

ဖြေ ။ ကွမ်းသီးဈေးက အခု တစ်ပိဿာ ခုနစ်ထောင်ဝန်းကျင်‌ရှိတယ်။၂၀၂၀လောက်တုန်းကဆို တစ်ပိဿာ တစ်သောင်း‌ကျော်တယ်။အဲတုန်း ကုန်ဈေးနှုန်းကလည်းငြိမ်တယ်။အခုဟာက ခြံထဲသွားဖို့ ဓာတ်ဆီတစ်ဘူးတောင်မှ တစ်သောင်း နီးနီးရှိတယ်။ကွမ်းသီးတစ်ပိဿာတောင် အဲလောက်မရဘူး။စားဆီတွေ ၊ငရုတ် ၊ကြက်သွန် ဘာညာဆို ဈေးကြီးလို့ ‌ဟင်းထဲတောင်များများထည့်မချက်ရဲဘူး။အရင်က ဟင်းအနှစ်များများစားတတ်ချင်တဲ့အကျင့်ကိုလည်း ဖျောက်ထားရတယ်။ဆန်ဆိုလည်း ဈေးနည်းတာပဲ ကြမ်းလည်းထမင်းဖြစ်ရင်ပြီးရောဆိုပြီး စားနေရတယ်။

DW ။ ဒီကုန်ဈေးနူန်းတက်လာတဲ့အပေါ်မှာ မိသားစုဝင်ငွေအပေါ် ဘယ်လောက်ရိုက်ခတ်မှုရှိလဲရှင်။

ဖြေ ။ ရိုက်ခတ်တာကတော့ တော်တော်ရိုက်ခတ်တယ်။စုထားဆောင်းထားတာလည်းမရှိတော့ဘူး။တော်သေးတယ် သား သမီးတွေ ကျောင်းပြီးသွားလို့။သူတို့လည်း သူတို့အလုပ်အကိုင်နဲ့ဆိုပေမယ့် သူတို့သုံးဖို့ပဲရတာလေ။ လစာ ၃၊ ၄ သိန်း ဒီခေတ်ဘာလုပ်ရမှာ။ ကြားပေါက်ရအောင် ကွမ်းသီးနုတွေကောက်(ခူး)ရောင်းရတယ်။ ဒါလည်း မလောက်ဘူး။ မိသားစုနည်းလို့ အဆင်ပြေတယ်မထင်နဲ့ သရုပ်မပျက်အောင် မနည်းသရုပ်ဆောင်နေရတယ်။

DW ။ ကွမ်းခြံက တစ်နှစ်ကို ကွမ်းသီးဘယ်လောက်ထွက်လဲရှင်။ကွမ်းခြံအတွက် တစ်နှစ်ကို ဓာတ်ဆီဘယ်လောက်ကုန်လဲရှင်။

ဖြေ ။ ကွမ်းသီးက သီးတာပုံမှန်တော့မရှိဘူး။၂၀၂၁ လောက်ကဆို အချိန် (ပိဿာ)နှစ်ထောင် ကျော်လောက် ထွက်တယ်။အခုနောက်ပိုင်းကျတော့ ကွမ်းသီးနုကောက်ရောင်းတာနဲ့ ထွက်နှုန်းသေချာ မမှတ်မိတော့ဘူး။ ဓာတ်ဆီကတော့ တော်တော် ကုန်တယ်။ခြံရှင်းရင်စက်နဲ့ရှင်းတော့ တစ်နှစ်ကိုသုံး‌ခါလောက် ခြံရှင်းရတယ်။ဓာတ်ဆီ တစ်ပီပါ နီးပါးလောက်တော့ကုန်တယ်။ ဒီ တစ်ပီပါက ခြံထဲကိုသွားလာတဲ့ ဆီမပါသေးဘူး။

DW ။ စက်သုံးဆီ ဈေးတက်လာတဲ့အတွက် တခြားကုန်ဈေးနှုန်းတွေလည်း ဈေးတက်လာတယ်ပေါ့နော်။ ဒီအတွက် ဘယ်လိုချွေတာရေးတွေလုပ်နေလဲရှင်။

ဖြေ ။ ချွေတာနေရတာတော့ ကြာပါပြီ။အရင်ကဆို ရတာနဲ့ ပိုပိုလျှံလျှံ စားရတာအပြင် ရွှေ(နည်းနည်း)ငယ် ငွေငယ်စုမိ ဆောင်းမိသေးတယ်။အခုက ရတာနဲ့ ကုန်ဈေးနှုန်းက တော်တော်ကွာနေတာ။ ကွမ်းသီးဈေးက မတက်လာဘူး။ ကုန်ဈေးနှုန်းကပဲ ပြောမကောင်းဆိုမကောင်း တက်လာတယ်။စားသောက်တဲ့ပုံစံတွေ ပြင်ရတယ်။ထမင်းကို အဓိက စားတယ်။အပိုငွေသုံးတာ လျှော့ရတယ်။အဝတ်အစားတောင် မချုပ်ဝတ်ဖြစ်တာကြာပြီ။ အပိုမကုန်အောင် ခြစ်ကုတ်နေရတာ။ တခါတလေ မောကျပ်တယ်။ဒေါသလည်းထွက်တယ်။ ဘာဝဋ်ကြွေးလဲပေါ့နော်။ ပင်ပင်ပန်းပန်းလုပ်ကိုင်ရပြီး စားဖို့‌ကျတော့ချွေတာနေရတယ်ဆိုပြီး လူဖြစ်ရတာ မတန်သလိုပဲ။

DW ။ နောက်ထပ်ဘာများပြောချင်သေးလဲရှင်။

ဖြေ ။ ကိုယ်တွေလိုဖြစ်‌နေတဲ့ မိသားစုတွေလည်း အများကြီးရှိနေမှာပါ။ကျွန်မတို့က မိသားစုနည်းလို့ တော်သေးတယ် ပြောလို့ရပေမယ့် မိသားစုများတဲ့အိမ်တွေဆို ဘယ်လိုများဖြစ်နေကြမလဲ။ တစ်ခါတစ်လေ တွေးပြီး ကိုယ်ချင်းစာမိတယ်။အဓိက ခေါင်းကိုက်ရတာကတော့ အိမ်ရှင်မတွေပေါ့နော်။ အိမ်ရှင်မတွေ အချင်းချင်း ကိုယ်ချင်းစာပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အခုအနေအထား ကျပ် ၅ သိန်းက မိသားစုတစ်စု ၁၀ ရက်မရဘူး”

အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မြို့သစ်ရပ်၊ မြိတ်မြို့

DW ။ လက်ရှိမှာလုပ်ကိုင်နေတဲ့ လုပ်ငန်းအခြေအနေနဲ့ မိသားစု စားဝတ်နေရေးအခြေအနေဘယ်လိုရှိလဲရှင်။

ဖြေ ။ အခုလက်ရှိရော ဟိုးအရင်ကရောဒီဈေးရောင်းတဲ့ အလုပ်ကိုပဲ လုပ်လာတာပါ။ ကုန်စိမ်းရောင်းတာပါ။ လုပ်ငန်းအခြေအနေအကြောင်းပြောရင်တော့ ကုန်ဈေးနှုန်းက စရမယ်ပေါ့နား(နော်)။ ဈေးသည်ဆိုတော့ ဈေးနှုန်းအကြောင်းပဲပြောပါ့မယ်။ဘိတ်မှာက သိတဲ့အတိုင်း ကုန်စိမ်းတွေဆို တခြားတိုင်းပြင်ပက ယူရောင်းရတာ များတယ်လေ။ ဒီလမ်းကြောင်းအခြေအနေနဲ့ ဝယ်ရတဲ့ဈေးနဲ့ဘယ်လိုမှအဆင်မပြေပါဘူးကွယ်။

DW ။ မိသားစုရဲ့စားဝတ်နေရေးက ဒီကုန်စိမ်းရောင်းတဲ့အလုပ်တစ်ခုတည်းလားရှင်။ တခြားဘယ်လိုအလုပ်အကိုင်တွေ ရှိသေးလဲရှင်။

ဖြေ ။ အဓိက အလုပ်ကတော့ ဒီဈေးရောင်းတာပေါ့နား(နော်)။အစ်မရဲ့အမျိုးသားက တစ်ခါတလေ အငှားကား လိုက်တယ်။ အများအားဖြင့်တော့ အစ်မနဲ့အတူ ဈေးမှာ ပစ္စည်းအတင်အချ ဈေးရောင်းကူတာများပါတယ်။ သားသမီးတွေကတော့ ကျောင်းသားတွေပါ။

DW ။ အခုကုန်ဈေးနှုန်းအခြေအနေနဲ့ မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုအခက်အခဲတွေရှိလဲရှင်။

ဖြေ ။ အခက်အခဲတွေကတော့ တအား(အရမ်း)ပဲ။အခုဆို နွေရောက်တော့ ဈေးကရောင်းကောင်းလာတယ်။ မိုးရာသီတုန်းကဆို တအားပင်ပန်းခဲ့တာ။မျက်ရည်မျက်ခွက်နဲ့ လမ်းတွေပိတ် ကုန်စိမ်းတွေရှုံးတာ အရင်းလည်းမရ လူလည်းရူးချင်သွားတာ။ အခုနွေပေါက်တော့လည်း ဆီဂယက် ထလာပြန်။ တစ်နှစ်တစ်မျိုးမရိုးရသော ငါတို့ မြန်မာပြည်ပါ။စားဝတ်နေရေးအခက်အခဲကတော့ အရင်ကထက် ပိုချွေတာစားရတာပေါ့။အလုပ်ကိုတော့ အရင်ကထက် ပိုလုပ်ရတယ်။ဒီကြားထဲ ကျောင်းသားစရိတ်တွေကဈေးကြီး မွေးထားတော့လည်းလုပ်ပေးရမှက ကိုယ့်တာဝန်လေ။ မိဘတွေကတော့ ခြစ်ကုတ် သူတို့ကိုတော့ လူတန်းစေ့အောင်ထားရသေးတာ။

DW ။ ဈေးရောင်းရတဲ့ အခြေအနေကရော ဘယ်လိုအနေအထားရှိလဲရှင်။အရင်က ‌အခြေအနေနဲ့ အခုအနေအထား ဘယ်လို ကွာဟချက်တွေရှိလဲရှင်။

ဖြေ ။ ဈေးရောင်းရတာက အဆင်ပြေပါတယ်။တစ်ခေါက်နဲ့တစ်ခေါက် ဈေးတက်တော့ ဖောက်သည်တွေကို အားနာရတယ်။ဒီကြားထဲ ကုန်စိမ်းဆိုတော့ ရက်ကြာရင် ပုပ်လာတတ်သေးတယ်။ငရုတ်သီးစိမ်းတို့ဆို ခဏခဏရှုံးတယ်။ အရင်ကလို အမြတ်အများကြီးမကျန်ဘူး။စားသောက် လောက်ငှရုံလောက်ပဲ။ ရွှေတွေလည်းမဝတ်နိုင်ဟင်း(တော့ဘူး)။ အကုန်ရောင်းစား။မရှိဝမ်းစာ ရှိတန်ဆာ ပဲလေနော်။ဘာအရာမှ မမြဲတာ ဒီ ၅ နှစ်ထဲ ရုပ်ကတော့ တော်တော်အိုလာတယ်။ စိတ်ညစ်စရာများလို့။အရင်က ၁၀ သိန်းလောက်မြတ်ရင် အခုဆို ၅ သိန်းတောင်မကျန်ဘူး။ အခုအနေအထား ကျပ် ၅ သိန်းက မိသားစုတစ်စု ၁၀ ရက်မရဘူး။

DW ။ စက်သုံးဆီ ဈေးတွေ အဆမတန်တက်တော့ ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်ပေါ့နော်။ အိမ်ရဲ့ အသုံးစရိတ်ဘယ်လို ချွေတာသုံးနေလဲရှင်။

ဖြေ ။ ဆီဈေးကတော့ပြောမကောင်းအောင်ပဲ။အစ်မယောကျာ်းဆို ကားခေါ်သမားရှိရင်တောင် ဆီအခက်အခဲကြောင့် မလိုက်ရဘူး။အပိုဝင်ငွေ လျှော့တာပေါ့ ။ဒီဈေးရောင်းတစ်ဖက်နဲ့သူလည်း ဆီမတန်းအားဘူးလေ။အသုံးစရိတ်ကတော့ ချွေတာလေ ကုန်လေပဲ။အပြင်စာ စားတာတော့‌လုံးဝလျှော့လိုက်တယ်။ထမင်းကို အဓိကချက်စားဖြစ်တယ်။ မီးဖိုချောင်သုံးပစ္စည်းတွေကိုတော့ အရင်ကထက် လျှော့သုံးပြီး ဟင်းချက်ရတာပေါ့။ကုန်ဈေးနှုန်းတက်တာနဲ့ ရတာကို ကာမိလို့ တော်သေးတယ်။အခုဟာက ကုန်ဈေးနူန်းကို လိုက်လို့မမီတော့ဘူး။ ရတာနဲ့ လောက်ကိုမလောက်ဘူး။ ချွေတာရလို့ စိတ်ပါကုန်တယ်။

DW ။ ကုန်ဈေးနှုန်းတွေငြိမ်နေတဲ့အချိန်နဲ့ အခုအခြေအနေမှာ ဘယ်လိုပြောင်းလဲမှုတွေရှိလာလဲရှင်။

ဖြေ ။ ပြောင်းလဲလာတာကတော့ အကုန်ပဲ။စိတ်ရောကိုယ်ရော ပင်ပန်းတာများလို့လားမသိဘူး။လူက စိတ်ဆတ်လာသလိုပဲ။တစ်ခါတလေ ၂၀၁၈၊ ၂၀၂၀(ခုနှစ်) လောက်ကိုပြန်သွားချင်တယ်။ ဒီအချိန်တုန်းက တော်တော်အဆင်ပြေခဲ့တာ။ စုမိဆောင်းမိတယ်။စိတ်ချမ်းသာရတယ်။လုပ်အားနဲ့ညီမျှတဲ့ အဖိုးအခကို ရတယ်။ဝဝလင်လင်စားသောက်ရတယ်။ဆန်‌အကောင်းစားရတယ်။အခုတော့ ဈေးသက်သာတဲ့ ဘက်လိုက်ပြီး ဖြစ်သလိုစားရတယ်။

DW ။ နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်သေးလဲရှင်။

ဖြေ ။ အစ်မလို လူတိုင်းနီးပါးဖြစ်နေကြတယ်ဆိုပေမယ့် စိတ်ဓာတ်မကျ မြန်မြန်အဆင်ပြေကြပါစေ။ ဒီကာလမှာ စိတ်ဓာတ်မကျဖို့ အတော်အရေးကြီးတယ်။အစ်မဘဝမှာ ဖြတ်သန်းလာတဲ့တစ်လျှောက် အခက်အခဲဆုံးကာလက ဒီ ၅နှစ်ပါပဲ။လူ့ဘဝဖြစ်လာရင် ‘အသက်တစ်ရာမနေရ အမှုတစ်ရာ ကြုံရ’ ဆိုသလိုပဲ တော်တော်များများကြုံလိုက်ရပါပြီ။

“လုပ်ငန်းတွေရပ်လိုက်တော့ လုပ်ငန်းနဲ့ ဆက်စပ်ပြီးသွားမယ့်လာမယ့်ကိစ္စတွေနည်းလာတော့ သုံးဘီးသမားတွေလည်း ဆွဲရတာနည်းလာတာပေါ့”

အသက် ၃၀ ကျော်အရွယ် သုံးဘီးဆိုင်ကယ်မောင်းနှင်သူတစ်ဦး၊ထားဝယ်မြို့

DW ။ လက်ရှိ စက်သုံးဆီတန်းစီနေရတဲ့အခြေအနေလေး အရင်ပြောပြပါလား။

ဖြေ ။ မနက် ၆ နာရီခွဲလောက်မှာစထည့်ပေးတယ်မဟုတ်လား။ အဲလိုဆိုတော့ မနက် ၂နာရီလောက်ကတည်းက ထတန်းစီပြီးတော့ အိပ်ရေးတွေပျက်ပြီးတော့ နေကလည်းပူတာကြမ်းတယ်ဆိုတော့ အချို့လူတွေဆိုရင် ဆေးသွင်းရတာနဲ့ ဆေးဘူးကြီးချိတ်တဲ့သူချိတ် လုပ်နေရတယ်။

DW ။ ဆီဈေးတက်လာတော့ သုံးဘီးဆွဲရတာ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ အခုဆိုရင် ဝဲကျွန်းကနေ ဈေးကြီး(စည်ပင်သာယာဈေးကြီး)နားကို (ကျပ်)တစ်သောင်းလောက်ယူကြတယ်။ အရင်တုန်းက(ဆီဈေးမတက်ခင်) ဆိုရင် ငါးထောင်လောက်ပဲ။အခုက စီးတဲ့သူနည်းသွားတာပေါ့။ ဈေးများလာတာကိုး။ နောက်တစ်ချက်က ဆီအခက်အခဲကြောင့် တချို့လုပ်ငန်းတွေဆို ရပ်တာတွေ ရပ်ထားကြရတယ်။ လုပ်ငန်းတွေရပ်လိုက် တော့ လုပ်ငန်းနဲ့ ဆက်စပ်ပြီးသွားမယ့်လာမယ့်ကိစ္စတွေ နည်းလာတော့ သုံးဘီးသမားတွေလည်း ဆွဲရတာနည်းလာတာ ပေါ့။ဒီလိုပဲ မှိန်းပြီးလုပ်နေကြရတာပေါ့။

DW ။ တစ်ရက်ကို သုံးဘီးဆွဲရတဲ့ငွေပမာဏက ဘယ်လောက်ရှိလဲ။

ဖြေ ။ တစ်ရက်ကို လေး၊ငါးသောင်းလောက်တော့ ပျမ်းမျှရနေကြတယ်။ ဆီဖိုးနဲ့ဆို မကိုက်ကြဘူး။ တော်တော်များများက ဆီတန်းစီရာမှာ အချိန်ပေးရတော့ ဆွဲဖို့အချိန်မရှိဘဲ အချိန်ဆုံးသွားကြတာ။ တန်းစီရင် ဆီဖိုးက ကုန်ကျတာနည်းတယ်။ ဆီတစ်လီတာကို (ကျပ်)ငါးထောင်ဝန်းကျင်ပဲကိုး။ သုံးဘီးခတောင်းရင် ဆီတန်းစီရာမှာ နစ်နာသွားတဲ့အချိန်အတွက်ပါ တောင်းကြတာ။ အပြင်မှာဝယ်ရင် တစ်လီတာကို တစ်သောင်းနဲ့ဝယ်ပြီးဆွဲရတယ်။

DW ။ တွက်ခြေမကိုက်ဘူးဆိုရင် အခြားအလုပ်လုပ်လို့ အဆင်မပြေဘူးလား။

ဖြေ ။ အခြားအလုပ်လည်း ပြောင်းလုပ်လို့မတတ်တော့ ဒီလိုပဲဆွဲနေရတယ်။

“အခြေခံလူတန်းစားတွေမှာ ပိုထိခိုက်လာတယ်”

အသက် ၅၀ ကျော်အရွယ် ထားဝယ်မြို့ခံ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး

DW ။ လက်ရှိကြုံနေရတဲ့ ဆီအခက်အခဲ နဲ့ ဆီတန်းစီနေရတဲ့အခြေအနေလေးပြောပြပေးပါလား။

ဖြေ ။ ဆီကတော့ ပုံမှန်သွားတန်းစီနေရတာပါပဲ။ တစ်ခါတလေ တစ်နေ့ကို (ကျပ်)ငါးထောင်ဖိုး ရတာလည်းရှိတယ်။ တစ်သောင်းဖိုးရတာလည်းရှိတယ်။ အစကဆို (မနက်) ၉ နာရီလောက်မှ ဆီစတန်းစီရတော့ ၁၂ နာရီလောက်အထိ နေ့တစ်ဝက်ကုန်သွားတယ်။ အခုရက်ပိုင်းကမှ မနက် ၆ နာရီမှာ ဆိုင်ကယ်တွေ တန်းစီရမယ်ပြောလိုက်တော့ တက္ကစီ ထွက်ချိန်အတွက် နည်းနည်းလေးအဆင်ပြေသွားတယ်။ ဒါပေမဲ့ ညကတည်းက လာတန်းစီတဲ့သူတွေတော့ရှိတယ်။ ည ၉ နာရီလောက် ဆိုင်ကယ်လာထားခဲ့ပြီးတန်းစီပြီ အိမ်ပြန်သွားသူလည်းရှိတယ်။ တချို့လည်း ညအိပ်စောင့်ကြတယ် ။ ဦးတို့ကတော့ မနက်မှသွားတန်းစီတယ်။ ဆယ်နာရီလောက်ဆို အချိန်မှန်ပဲ ဆီရပြီးပြန်လာခဲ့လိုက်တယ်။

DW ။ ဆီဈေးတက်တော့ ဦးလေးတို့ တက္ကစီခတွေရော တက်သွားလား။ ငှားစီးတဲ့သူတွေကရော ဘာပြောတာရှိလဲ။

ဖြေ ။ တက္ကစီခလည်း ဈေးတက်တယ်။ တစ်ထောင် နှစ်ထောင်(ကျပ် )လောက်ပေါ့ ။ ဥပမာ အခွန်လွတ်ဈေးကနေ ဈေးကြီးကို အရင်ကသွားရင် ပုံမှန် နှစ်ထောင်(ကျပ်) ယူနေတာကနေ အခုဆို သုံးထောင် ၊ သုံးထောင့်ငါးရာ လိုက်ယူနေရတယ်။ ငှားစီးတဲ့သူတွေကတော့ ဆီဈေးတက်နေတာ သူတို့လည်း သိနေတော့ တောင်းတဲ့အတိုင်းတော့ ပေးပါတယ်။ အရမ်းကြီး ဈေးဆစ်တာမျိုးတော့မကြုံရပါဘူး။

DW ။ တက္ကစီခလည်းဈေးတက်သလို နေ့စဉ် အိမ်သုံးဖို့ စားဝတ်နေရေးအတွက် ဝယ်ရတဲ့ပစ္စည်းတွေလည်း ဈေးတက်နေတာ့ အသုံးစရိတ် ကာမိရဲ့လား။ အိမ်မှာက အလုပ်ထွက်လုပ်နေသူနဲ့ မိသားစုဝင်ဘယ်နှစ်ယောက်ရှိသလဲ။

ဖြေ ။ အစစအရာရာ ဈေးတက်နေတော့ မကာမိဘူးလေ။ အရင်ကတည်းက တက်တာလည်းရှိပေမယ့် အခုဆီဈေးတက်တာမှာ အားလုံးပြိုင်တူလိုက်တက်တော့ပိုထိတာပေါ့။ အိမ်မှာက လူခုနစ်ယောက်ရှိတယ်။ သုံးယောက်က သက်ကြီးပိုင်းနဲ့ ကလေးတွေ။ ဦးလေး အပါအဝင် ယောက်ျားသုံးယောက်က အလုပ်ထွက်လုပ်နေတယ်။ ဒါပေမဲ့ စားသောက်စရိတ်ကာမိရုံပဲရှိတယ်။ လုံလောက်တာမျိုးမဟုတ်ဘူး။ အခြေခံလူတန်းစားတွေမှာ ပိုထိခိုက်လာတယ်။

DW ။ စုံတစ်ရက် မတစ်ရက်ပဲ ယာဉ်တွေ ပေးထွက်တာက ဦးလေးတို့ တက္ကစီသမားတွေအပေါ်မှာ သက်ရောက်မှု ရှိလား။

ဖြေ ။ သက်ရောက်မှုရှိတယ်ပြောတယ်။ တက္ကစီ အင်္ကျီဝတ်ထားလည်းမရဘူး။ တက္ကစီအဖွဲ့ထဲက တစ်ယောက် အဖွဲ့စုံ( စုံမ ဖမ်းရန်ဖွဲ့ထားသည့်အဖွဲ့) နဲ့ ပညာပေးကာလမှာတွေ့တုန်းက တက္ကစီတွေလည်း စုံမစနစ်ထဲပါတယ်လို့ ပြောလိုက် တယ်။ နောက်တစ်ခါဆို မလွတ်ဘူးပေါ့။ အဲဒီနောက်ပိုင်းက တက္ကစီတွေလည်း စုံတစ်ရက်၊ မတစ်ရက်ပဲ သွားကြတော့ တယ်။အသိထဲမှာတော့ အဖမ်းခံရပြီး ဒဏ်ငွေဆောင်ရသူ မကြားရသေးဘူး။ ကိုယ်တိုင်လည်းမမိသေးဘူး။

DW ။ စုံတစ်ရက် မတစ်ရက်ပဲထွက်ရတာ ဦးလေးတို့ ဝင်ငွေထိခိုက်မှာပေါ့။ အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ စုံတစ်ရက် မတစ်ရက်ပဲ ထွက်ရတော့တယ်။ ဒီနေ့ဆိုစုံနေ့ မဂဏန်းဆိုင်ကယ်ပဲရှိတော့ အိမ်မှာနားနေရတယ်။ ကိုယ့်ရက်ပဲကိုယ်ထွက်ရဲတယ်။ တက္ကစီဆွဲတာက ပုံမှန်အတိုင်း တစ်ရက်ကို (ကျပ်) တစ်သာင်းခွဲကနေ လေးသောင်းကြားက ပုံမှန်ရတယ်လေ။ အဲဒီမှာ တစ်ရက်မထွက်ရတော့ နှစ်သောင်းလောက်ဝင်ငွေက မရှိတော့ဘူး။ ကိုယ့်ရက်မဟုတ်ရင် အနီးအနားလမ်းကြောင်းအချို့တော့ ခရီးသည်ခေါ်ရင် ခိုးထွက်ပြီး လိုက်တယ်။ ဟိုကြည့်ဒီကြည့်နဲ့ အရင်ကထက် ပိုဂရုစိုက်ပြီးမောင်းရတာပေါ့။ မြို့ထဲလမ်းကြောင်းတွေ ခရီးနည်းနည်းရှည်ပြီး ပိုက်ဆံပိုရမယ့် လမ်းကြောင်းတွေဆို ကိုယ့်နေ့မဟုတ်ရင် မလိုက်ရဲတော့ဘူး။

DW ။ နောက်ဆုံးအနေနဲ့ ဘယ်လိုလုပ်ပေးရင် အဆင်ပြေမယ်လို့ထင်လဲ။

ဖြေ ။ စုံမ စနစ်က ဆီတန်းစီရာမှာတော့ အခုသိပ်မရှိတော့ဘူး။ တကယ်က ဆီတန်းစီရာမှာ စုံမ စနစ်က အဆင်ပြေပါတယ်။ ဒါပေမဲ့ လမ်းပေါ်သွားတာက စုံမစနစ်နဲ့ဆို တစ်နေ့လုပ်တစ်နေ့စားတွေက ခက်ခဲတယ်။ အဆင်မပြေဘူး။ အဲဒီတော့ လမ်းပေါ်မှာသွားနေတာကိုလည်း စုံမ မလုပ်တော့ရင် နည်းနည်းအဆင်ပြေသွားလိမ့်မယ်။

DW ။ ကျေးဇူးတင်ပါတယ် ။