ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းက ရွာအချို့တွင် ဖုန်းပြောခွင့် KNU တင်းတင်းကျပ်ကျပ်ပိတ်ပင်၊ မလွှဲမရှောင်သာ ပိတ်ရသည်ဟု KNU ပြော

March 6, 2026

စစ်အာဏာရှင်တပ်နှင့် KNU ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် KNU က ဖုန်းပြောဆိုခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည့် ဝင်းဝရဲစခန်းနှင့် ၇ မိုင်ခန့်အကွာ ကျွဲမင်းကုန်းရွာနှင့် ကနက်သီရိကျေးရွာ တို့တွင် ပိတ်ပင်ထားကြောင်း အဝေးရောက်နေသည့် ကနက်သီရိရွာခံ လူငယ်တစ်ဦးက ပြောသည်။

ထို့အပြင် အခြားကျေးရွာများတွင်လည်း အလားတူ ပိတ်ပင်ထားနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဖုန်းလိုင်းက နေရာတိုင်းမမိဘူး။ ရွာပြင်ထွက်ပြီး ဖုန်းလိုင်းရတဲ့ နေရာတွေမှာ သွားသွားပြောရတာ၊ အဲဒါကို KNU က ဖုန်းမပြောရဘူးဆိုပြီး လိုက်လိုက်ပိတ်နေတာ။ အိမ်ကလူတွေနဲ့ လုံးဝအဆက်အသွယ်မရတာ ဆယ်ရက်လောက်ရှိနေပြီ” ဟု အထက်ပါလူငယ်က ပြောဆိုသည်။

ဒေသခံများအား ဖုန်းပြောဆိုခွင့်မပြုကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်များ KNU လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များက လိုက်ကပ်ထားပြီး ဖုန်းပြောသည့် ရွာခံများကို သတိပေးတားဆီးခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်နေကြောင်း ၎င်း၏ မိသားစုဝင်များ ပြောပြချက်ကို ကိုးကားပြီး အထက်ပါ လူငယ်က ဆိုသည်။

ကျွဲမင်းကုန်းရွာတွင်လည်း ဖုန်းခေါ်ဆိုခွင့်ကို ပိတ်ပင်တားဆီးနေကြောင်း အဝေးရောက်နေသည့် ကျွဲမင်းကုန်းရွာခံတစ်ဦးက ပြောသည်။

“လမ်းမှာ တွေ့ရင် ဖုန်းတွေ စစ်တယ်။ ဖုန်းပြောထားတာကိုတွေ့ရင် ဖုန်းတွေသိမ်းထားတာရှိတယ်။ ရွာက သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရလို့ သူပြောပြတာ” ဟု ၎င်းက ပြောဆိုသည်။

ထိုကဲ့သို့ ဖုန်းပြောခွင့် ပိတ်ပင်ထားသည့်အတွက် အဝေးရောက်နေသူများက မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ ဆယ်ရက်ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ဆိုသည်။

KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားကမူ တိုက်ပွဲကာလဖြစ်သည့်အတွက် လုံခြုံရေးအရ ယင်းကဲ့သို့ ဆက်သွယ်ရေးကို ပိတ်ပင်တားဆီးရခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။

“(ဒေသခံတွေ) လူမှုစီးပွားတော့ ထိခိုက်တာပေါ့။ ဒါပေမဲ့ စစ်တိုက်တဲ့အချိန်မှာတော့ ရန်သူကိုချေမှုန်းနေတဲ့ အချိန်မှာတော့ တချို့ဟာတွေကို မလွှဲသာမရှောင်သာ လုပ်ရတာပေါ့” ဟု ၎င်းက ပြောသည်။

သရက်ချောင်းမြို့နှင့် ပုလောမြိုနယ် ပလောက်ကြား မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းရှိ ဝင်းဝကျေးရွာနှင့် အနီးတဝိုက်တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစကာ KNU ၊ PDF ပူးပေါင်းတပ်များနှင့် စစ်အာဏာရှင်တပ်ကြား တိုက်ပွဲ ပြင်းထန် နေပြီး စစ်အာဏာရှင်ဘက်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေသည့်အပြင် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေသည်။

စစ်အာဏာရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားများလည်း ထိခိုက်သေဆုံးမှု ရှိနေသည်။