ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့တွင် သံဃာတော်များ ဒုတိယအကြိမ်မြောက် မြို့ပတ် ပရိတ်ရွတ်မည်

March 6, 2026

ပုံစာ - ပထမအကြိမ် ထားဝယ်မြို့လုံးကျွတ်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ (ပုံဟောင်း)

ထားဝယ်မြို့တွင် မတ်လ ၈ရက် တနင်္ဂနွေနေ့ ညနေပိုင်းကစပြီး သံဃာတော်များသည် မြို့တွင်းလှည့်လည်ပြီး ပရိတ်ရွတ်ဖတ် ပူဇော်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။

မြို့တွင်းလှည့်လည်ရာတွင် ဗုဒ္ဓရုပ်ပွားတော်များ တင်ဆောင်သည့်ကား၊ ပရိတ်ရေအိုး တင်ဆောင်သည့်ကားနှင့် ပရိတ်ရွတ်ဖတ်သည့် သံဃာတော်များကို တင်ဆောင်မည့်ကား အပါအဝင် ကား ၂၁စီးခန့်သည် ညနေ ၃ နာရီမှစ၍ ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ထားဝယ်မြို့တွင်း နှစ်ကျိတ်ရှစ်ဆူဘုရားများ လှည့်လည်သည့် လမ်းကြောင်းများအတိုင်း ပရိတ်ရွတ်ဖတ်ပြီး ည ၉ နာရီတွင် ရွှေတောင်စားလမ်းအတိုင်း ဝင်ရောက်ကာ ဇေတဝန်ဘုန်းတော်ကြီးကျောင်းတွင် အဆုံးသတ်မည်ဖြစ်ကြောင်း ဦဆောင်စီစဉ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။

“အခုက ဒုတိယအကြိမ်ဖြစ်တယ်ပေါ့နော်။ အစဉ်အလာ တစ်ခုအနေနဲ့ ဖြစ်သွားရအောင် မြို့ခံပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး စီစဉ်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။

ယခု ဒုတိယအကြိမ် ထားဝယ်မြို့အနှံ့ ပရိတ်ရွတ်ဖတ် ပူဇော်ပွဲတွင် ဝေရာ၀စ္စကုသိုလ်အဖြစ် ထားဝယ်မြိုခံပြည်သူများနှင့် ပရဟိတအသင်းအဖွဲ့ ဝင်များက ကုသိုလ်ပြုလိုက်ပါ ဝန်းရံကြမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် ဆရာတော်သံဃာတော်များ ပရိတ်ရွတ်ဖတ်လှည့်လည်ရာ လမ်းပိုင်းတွင်လည်း မြို့ခံများ ကြိုဆိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများဖြင့် ပူဇော်နိုင်ရန်လည်း စီစဉ်ထားရှိကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။

ပထမအကြိမ် ထားဝယ်မြို့လုံးကျွတ်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကိုမူ ပြီးခဲ့သည့်နှစ် မတ်လ ၁၃ ရက်၊ တန်ပေါင်းလပြည့်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။