ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းက ၉၅ ရက်စာ လောင်စာဆီ ဖူလုံမှုရှိမည်ဟုဆို၊ မြန်မာနှင့် လာအိုကို ဆီဆက်ရောင်းပေးမည်

March 6, 2026

ထိုင်းနိုင်ငံတွင် ၉၅ ရက်စာအထိ လောင်စာဆီ ဖူလုံမှု ရှိမည်ဖြစ်ပြီး မြန်မာနှင့် လာအိုတို့ကို လောင်စာဆီ ဆက်ရောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများ မဟုတ်သော အမေရိကန်ပြည်ထောင်စု၊ မလေးရှားနှင့် တောင်အာဖရိကနိုင်ငံများမှ လောင်စာဆီတင်သွင်းရန် သဘောတူညီမှုရရှိပြီးဖြစ်၍ ထိုင်းနိုင်ငံထဲ လောင်စာဆီသည် ၉၅ ရက်စာအထိ ဖူလုံလာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က မတ်လ ၅ ရက်နေ့က ပြောသည်။

နိုင်ငံထဲတွင် မူလက ရက် ၆၀ စာ လောင်စာဆီဖူလုံမှုရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ၆၅ ရက်စာအထိ ဖူလုံမှုရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူနှင့် ပြုလုပ်သော စွမ်းအင်ဆိုင်ရာ အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးက ပြောသည်။

နောက်ထပ် အရှေ့အလယ်ပိုင်းနိုင်ငံများမဟုတ်သော နိုင်ငံများမှ ရက် ၃၀ စာ လောင်စာဆီများကို တင်သွင်းရန် သဘောတူညီချက် ရရှိခဲ့သဖြင့် ထိုင်းနိုင်ငံထဲတွင် ၉၅ ရက်စာ လောင်စာဆီ ဖူလုံသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

လောင်စာဆီများကို လာမည့် ဧပြီလနှင့် မေလများတွင် ပို့ဆောင်ရန် သဘောတူညီထားကြောင်း ဝန်ကြီးက ပြောသည်။

လက်ရှိတွင် ပြည်တွင်း လောင်စာဆီ ဖူလုံမှုရှိစေရန် နည်းလမ်းများစွာကိုလည်း အစိုးရဘက်က အရန်အစီအစဉ်များချမှတ်၍ လုပ်ဆောင်နေကြောင်း ဖော်ပြသည်။

ယင်းအစီအစဉ်ထဲတွင် ထိုင်းနိုင်ငံက ပြည်ပသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းထားခြင်း၊ အဆင့်မြင့် လောင်စာဆီထိန်းသိမ်းရေးနှင့်အတူ ဇီဝဒီဇယ် (ဘိုင်အိုဒီဇယ်) များကို ပိုမိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြည်ပသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းထားသောနိုင်ငံများတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ မပါဝင်ဘဲ ၎င်းတို့နိုင်ငံများသည် ထိုင်းနိုင်ငံနှင့် အပြန်အလှန် စွမ်းအင်မှီခိုနေကြရကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်းရှိ ဓါတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများကိုလည်း တစ်သတ်မတ်တည်းဖြင့် ၁၅ ရက်ကြာ ရောင်းချရန် အစိုးရက ထုတ်ပြန်ထားသည်။

Ref: Thairath, The Nation Thailand, Bangkok Post