ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှ နုတ်ထွက်ရန် အင်ဒိုနီးရှားကို အရပ်ဖက်အဖွဲ့များ ဖိအားပေး

March 6, 2026

ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့(BoP)တွင် အင်ဒိုနီးရှားအစိုးရ ပါဝင်နေမှုကို ပြန်လည်သုံးသပ်ရုတ်သိမ်းရန် နိုင်ငံအတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ ၊ ပညာရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းတောင်းဆိုလျက် ရှိသည်။

အမေရိကန်-အစ္စရေးနှင့် အီရန်အကြား လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အင်ဒိုနီးရှားအစိုးရအပေါ် ယင်းသို့ တိုက်တွန်းတောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အင်ဒိုနီးရှား အူလမာကောင်စီ (MUI) သည် လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲစတင်ချိန်ကတည်းက ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(BoP)မှ အင်ဒိုနီးရှားအစိုးရ နုတ်ထွက်ရန် အစောဆုံး တောင်းဆိုခဲ့သည့် အဖွဲ့အစည်းများတွင် ပါဝင်သည်။

ပါလက်စတိုင်းအတွက် စစ်မှန်သည့် လွတ်လပ်ရေးကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိဟု ယူဆရသည့်အတွက် ယင်းဘုတ်အဖွဲ့မှ နုတ်ထွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အင်ဒိုနီးရှား အူလမာကောင်စီ (MUI) က တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်လူဦးရေရှိသည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယင်းဘုတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကာ အမေရိကန်နှင့် ဆက်နွှယ်နေရန် မသင့်လျော်ကြောင်း ကောင်စီက ဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့(BoP)ကို တည်ထောင်ထားသည်မှာ ဂါဇာဒေသ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ရည်ရွယ်ခြင်း ဟုတ်မဟုတ် သံသယရှိကြောင်းလည်း ကောင်စီက မေးခွန်းထုတ်ခဲ့သည်။

အစ္စရေးနှင့် သံတမန်အဆက်အသွယ် မရှိသည့် အင်ဒိုနီးရှားနိုင်ငံသည်ပါလက်စတိုင်းပြည်သူများဘက်မှ ရပ်တည်ထောက်ခံပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံပေါ်ထွန်းရေးကို ကြာမြင့်စွာကတည်းက တောင်းဆိုလာခဲ့သည်။

အင်ဒိုနီးရှားရှိ လူသိများထင်ရှားသည့် လူပုဂ္ဂိုလ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများစွာကလည်း အစိုးရ အနေဖြင့် ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (BoP) တွင် ပါဝင်နေမှုကို ပြန်သုံးသပ်ရန် တိုက်တွန်းထားကြသည်။

ယင်းဘုတ်အဖွဲ့တွင် ဆက်လက်ပါဝင်နေခြင်းက အင်ဒိုနီးရှား၏ ကာလရှည်ကျင့်သုံးလာခဲ့သည့် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ထိခိုက်စေနိုင်ကြောင်း ၎င်းတို့က ထောက်ပြသည်။

အီရန်က ပင်လယ်ကွေ့ဒေသရှိ အမေရိကန်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နေချိန် စစ်ရေးတင်းမာမှုများအကြား ဂါဇာသို့ အင်ဒိုနီးရှားတပ်ဖွဲ့များ စေလွှတ်မည့်အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားသင့်ကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းအချို့က တိုက်တွန်းထားသည်။

ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (BoP) မှ အင်ဒိုနီးရှားအစိုးရ နုတ်ထွက်လိုက်လျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို လေ့လာသူအချို့က သတိပေးပြောဆိုမှုများလည်း ရှိနေသည်။

Source: CNA